ဇန်နဝါရီ ၁၃
အင်ဒိုနီးရှားနိုင်ငံရှိ သက်ကြီးရွယ်အိုများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုအစီအစဉ်၏ ပထမဦးဆုံးနေ့ဖြစ်သော ဇန်နဝါရီ ၁၂ ရက်က ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူခဲ့ကြသည်။
သမ္မတ ဂျိုကိုဝီဒိုဒို၏ ပြောကြားချက်အရ နိုင်ငံတစ်ဝန်းရှိ နိုင်ငံပိုင်ကျန်းမာရေးစင်တာများတွင် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံရာ၌ နိုင်ငံသားအားလုံး အခမဲ့ထိုးနှံမှုခံယူနိုင်သည်ဟု သိရသည်။
အင်ဒိုနီးရှားဆေးဝါးနှင့်အစားအသောက်အေဂျင်စီက အသက် ၁၈နှစ်နှင့်အထက်အရွယ်များ ကိုဗစ်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးနောက် ခြောက်လကျော်အကြာတွင် ကိုဗစ် ကာကွယ်ဆေး အပိုဆောင်း ထိုးနှံမှုခံယူနိုင်ပြီး ယင်းကာကွယ်ဆေးထိုးနှံရာ၌ Sinovac၊ Pfizer၊ AstraZeneca၊ Moderna နှင့် Zifivax ကိုဗစ်ရောဂါကာကွယ်ဆေးများအား အသုံးပြုရန်ခွင့်ပြုပေးခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ သန်း ၁၇၀ ကျော်ရှိပြီး ဒုတိယအကြိမ် ထိုးနှံမှုခံယူပြီးသူ ၁၁၇ သန်းကျော်ရှိသည်ဟု ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကဖော်ပြထားသည်။ နိုင်ငံအတွင်း အိုမီခရွန်ကူးစက်မှုများ မြင့်တက်လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို