ဇွန် ၄
အင်ဒိုနီးရှားနိုင်ငံတွင် ယခုနှစ်ပထမသုံးလပတ်အတွင်း ခရီးသွားလုပ်ငန်းမှနိုင်ငံခြားငွေ လဲလှယ်မှုဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၅ ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ်ကထက် ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး ဝီဒီယန္တီ ပူထရီ ဝါဒနာက ယမန်နေ့က ပြောကြားခဲ့သည်။
ဇန်နဝါရီမှ ဧပြီလအတွင်း နိုင်ငံခြားခရီးသွားများ ရောက်ရှိမှု ၄ ဒသမ ၆၈ သန်းအထိ ရှိရာ ယခင်နှစ်ကထက် ၈ ဒသမ ၂၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အင်ဒိုနီးရှားစာရင်းအင်း ဘီပီအက်စ်(BPS) မှအချက်အလက်များကို ကိုးကားဖော်ပြထားသည်။
ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးအကျိုးသက်ရောက်မှုက ကျေးရွာများအထိ ရောက်ရှိစေပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ကို တိုးတက်စေကာ အလုပ်အကိုင်များ ဖန်တီးပေးပြီး ဒေသဆိုင်ရာ စီးပွားရေးများကိုလည်း အားကောင်းစေသည်ဟု ထိုဝန်ကြီးက ဆိုသည်။
အစိုးရအနေဖြင့် ခရီးသွားကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားစီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ကူညီရေးနှင့် နိုင်ငံတစ်ဝန်း ခရီးသွားဆိုင်ရာ ပွဲလမ်းသဘင်များ ကျင်းပရေးတို့မှတစ်ဆင့် ခရီးသွားလုပ်ငန်း၏ စီးပွားရေးအကျိုးသက်ရောက်မှုများကို ပိုမိုကျယ်ပြန့်လာစေရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


