ဂျကာတာ    အောက်တိုဘာ    ၂၉

အင်ဒိုနီးရှားနိုင်ငံ ဒေသ ၁၄ ခုရှိ  ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ကွက် ၆၀ တွင်  ရင်းနှီးမြှုပ်နှံရန် အင်ဒို နီးရှားအစိုးရက အောက်တိုဘာ ၂၈ ရက်တွင် စတင် ဖိတ်ခေါ်ခဲ့ကြောင်း   ဆင်ဟွာသတင်းအရ  သိရသည်။

အဆိုပါ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များကို လာမည့်လေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း   စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဆိုင်ရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး အရီနာဆိုမန်တိုက ပြောကြားသည်။

ယင်းလုပ်ကွက်များအား စီးပွားဖြစ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့်   အကျိုးအမြတ်ထိုက်ထိုက်တန်တန် ရရှိနိုင်သဖြင့် ရင်းနှီးမြှုပ်နှံသူများအား လုပ်ငန်းဆောင်ရွက်ရန်  ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း  ၎င်းက ထပ်လောင်းပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံသည်  လက်ရှိအချိန်တွင် ပြည်တွင်းရေနံထုတ်လုပ်မှုကို  မြှင့်တင်နေပြီး ပြည်ပမှ ရေနံတင်သွင်းမှုကို လျှော့ချရေးဆောင်ရွက်နေသည်။  အင်ဒိုနီးရှားအစိုးရအနေဖြင့်  ရင်းနှီးမြှုပ်နှံသူ များအား ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာလုပ်ကွက်သစ်များတွင် လုပ်ငန်းတိုက်ရိုက် ဆောင်ရွက် နိုင်သည့်  အခွင့်အရေးများပေးအပ်နေကြောင်း သိရသည်။၊

ကိုးကား- ဆင်ဟွာ

ဘာသာပြန် - စိုးသူရ