နေပြည်တော် ၅ သြဂုတ်
အင်ဒိုနီးရှားနိုင်ငံတွင် (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့မှုနှင့် ပတ်သက်၍ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာ ဦးစီးဌာန ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က အင်ဒိုနီးရှားနိုင်ငံတွင် (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲအား အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ပူးပေါင်း၍ ကစားသမားအင်အား(၃၅)ဦး၊ အုပ်ချုပ်သူ(၁၇)ဦး စုစုပေါင်း(၅၂)ဦး သွားရောက်ယှဉ်ပြိုင်ရာ ရွှေ(၁)ခု၊ ကြေး(၁)ခုသာရရှိပြီး၊ ပြိုင်ပွဲ ယှဉ်ပြိုင် ကစားကြသည့် အတွေ့အကြုံများ၊ အားနည်းချက်၊အားသာချက်များကို ဝိုင်းဝန်းအကြံပြုအဖြေ ရှာဆွေးနွေးကြစေလိုကြောင်း၊ လာမည့် ၂၀၂၀ ခုနှစ် ၂၀၂၀ ခုနှစ် 12 th ASEAN School Games မှစပြီး ပညာရေးဝန်ကြီးဌာနမှ အဓိက တာဝန်ယူယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပညာရေးဝန်ကြီးဌာနအနေနှင့် အတွေ့အကြုံ ကောင်းများ ရရှိအောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးတွင် ယခုပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့မှု အတွေ့ အကြုံများကို ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်ဆန်းက ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်သည့် အားကစားနည်းများအလိုက် ပါဝင်ယှဉ်ပြိုင်မှုအခြေအနေအားရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အထွေထွေအကြံပြုဆွေးနွေးကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင် မောင်ဝင်း နှင့် အခမ်းအနားသို့တက်ရောက်လာကြသော အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်း အုပ်ကြီးများ၊ နည်းပြများ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ဝိုင်းဝန်းဆွေးနွေး အကြံပြုပြောကြားသည်။
ဆက်လက်၍ဒုတိယဝန်ကြီးက နိဂုံးချုပ်ပြန်လည်သုံးသပ်ဆွေးနွေးပြောကြားသည်။
(သတင်းစဉ်)


