အင်ဒိုနီးရှားနိုင်ငံတွင် ပထမဆုံး မြေအောက်ရထား ပြေးဆွဲမှု စတင်

ဂျကာတာ ၂၅ မတ်

 

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပထမဆုံးမြေအောက်ရထားဖွင့်ပွဲအခမ်းအနားကို မတ် ၂၄ ရက်တွင် ကျင်းပခဲ့သည်။

 

ပြည်သူများအား  ရထားပို့ဆောင်ရေးဝန်ဆောင်မှုပေးရန်အတွက်  အဆိုပါမြေအောက်ရထားပြေးဆွဲမှုကိုမတ် ၂၅ ရက်တွင် စတင်မည်ဖြစ်သည်။

 

အဆိုပါမြေအောက်ရထားသည် ၁၆ ကီလိုမီတာ ရှည်လျားပြီး မြို့တော်ဂျကာတာ၏  မြို့လယ်ကောင်ကိုဖြတ်သန်းကာ မြောက်မှတောင်သို့ ပြေးဆွဲမည်ဖြစ်သည်။ မြေအောက်ရထားပြေးဆွဲမှုကြောင့်  မြို့တော်အတွင်းရှိယာဉ်ကြောပိတ်ဆို့မှုများ ပြေလျော့သွားရန် မျှော်လင့်ရသည်။  ဂျကာတာမြို့သည်  ကမ္ဘာတွင်  အဆိုးရွားဆုံး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားသော မြို့များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

 

နိုင်ငံအတွင်း မြေအောက်ရထားပြေးဆွဲမှု ဝန်ဆောင်မှုပေးနိုင်ခြင်းသည် နိုင်ငံ၏  ဖွံ့ဖြိုးတိုးတက်မှုပြယုဂ်တစ်ခုဖြစ်သည်ဟု မြေအောက်ရထားဖွင့်ပွဲအခမ်း အနားတွင် သမ္မတ ဂျိုကို ဝီဒိုဒိုက မှတ်ချက်ပြု ပြောကြားခဲ့သည်။

 

အဆိုပါမြေအောက်ရထားစီမံကိန်းကို ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် အင်ဒိုနီးရှားကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဂျပန်အစိုးရက အဆိုပါ စီမံကိန်းအကောင်အထည်ဖော်  ဆောင်ရွက်နိုင်ရန်အတွက်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့်ရှိသော ချေးငွေတစ်ရပ်ကိုထုတ်ချေးခဲ့ကြောင်း သိရသည်။

 

မြေအောက်ရထားဝန်ဆောင်မှုကို မတ် ၂၅ ရက်မှဧပြီ ၁ ရက်အထိ အခကြေးငွေပေးရန်မလိုဘဲ ပြည်သူများအား ဝန်ဆောင်မှုပေးမည်ဖြစ်သည်။ မြေအောက်ရထားစီမံကိန်း အကြီးအကဲများနှင့်  ဂျကာတာမြို့အစိုးရအဖွဲ့တို့အကြား မြေအောက်ရထား စီးနင်းမှုအခကြေးငွေနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိ်ုင်းလျက်ရှိသည်။  

 

အင်န်အိတ်ချ်ကေ