ရန်ကုန် ဒီဇင်ဘာ ၂၀

အင်ဒိုနီးရှားသမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် အင်ဒိုနီးရှားရူပီယာ (၈ဒသမ၇) ဘီလီယံ တန်ဖိုးရှိ ပိုလီယိုရောဂါကာကွယ်ဆေး (bOPV) (၂ဒသမ၇၁၆)သန်း doses သည် ယနေ့ နံနက် ၉ နာရီခွဲတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာသည်။

ယင်း ပိုလီယိုရောဂါကာကွယ်ဆေးများကို အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Director of South East Asia Affairs Mr. Mirza Nurhidayat နှင့် မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.M.Arif Hidayatullah တို့က ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနမှတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပြီး ကာကွယ်ဆေးများကို ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း (ရန်ကုန်) သို့ အအေးလမ်းကြောင်းမပျက် ဆက်လက် ပို့ဆောင်သည်။

အဆိုပါ ပိုလီယိုရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဌာနခွဲမှ ဆောင်ရွက်လျက်ရှိသည့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး အစီအစဉ်တွင် လည်းကောင်း၊ အမီလိုက်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ ကာကွယ်ဆေး ထပ်မံတိုက်ကျွေးပေးရန် လိုအပ်သည့် ကလေးငယ်များအတွက် ဆောင်ရွက်မည့် အမျိုးသားကာ ကွယ်ဆေးတိုက်ကျွေးရေးနေ့များ အတွက်လည်းကောင်း အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပိုလီယိုရောဂါကင်းစင်ပပျောက်ရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်