ဝါရှင်တန် ၁၉ အောက်တိုဘာ
အမေရိကန်နိုင်ငံအနေဖြင့် အင်္ဂါဂြိုဟ်ပေါ်ပထမဆုံးရောက်ရှိ နိုင်မည့် နိုင်ငံနှင့် အမျိုးသမီးတစ်ဦးကို လကမ္ဘာပေါ်သို့ စေလွှတ်နိုင်မည့် ပထမဆုံးနိုင်ငံဖြစ်လာမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
“အမေရိကန်နိုင်ငံက လကမ္ဘာပေါ်ခြေချမယ့် အမျိုးသမီး ရှိတဲ့ ပထမဆုံးနိုင်ငံဖြစ်လာမှာဖြစ်သလို အင်္ဂါဂြိုဟ်ပေါ် အာကာသယာဉ်မှူးတွေ ခြေချနိုင်မယ့် ပထမဆုံးနိုင်ငံ ဖြစ်လာမှာပါ။ ကျွန်တော်တို့ ဒီရည်မှန်းချက်ဖြစ် လာဖို့ အလွန်ပဲ နီးကပ်နေပါပြီ” ဟု ဝစ်ကွန်ဆင်ပြည်နယ် ဂျိမ်းစ်ဗီလီမြို့၌ မဲဆွယ်စည်းရုံးမှုတစ်ခုအတွင်း ထရမ့်က ပြောကြားခဲ့သည်။ လေးနှစ်အတွင်း Starship ယာဉ်ဖြင့် လူလိုက်ပါခြင်းမရှိသည့် ပထမဆုံးသော အင်္ဂါဂြိုဟ်မစ်ရှင် စတင်နိုင်သည့်လမ်းကြောင်းပေါ်ရောက်ရှိနေပြီဟု SpaceX ကုမ္ပဏီ စီအီးအို အဲလွန်မတ်ခ်က ပြောကြားခဲ့သည်။
Starship ယာဉ်ဖြင့် လကမ္ဘာနှင့် အင်္ဂါဂြိုဟ်သို့ လူများ ပို့ဆောင်ရန် ရည်ရွယ်ထားသည်။ Starship ယာဉ်ဖြင့် လကမ္ဘာသွားမည့်မစ်ရှင်ကို ၂၀၂၂ ခုနှစ်တွင် စတင်နိုင်ကြောင်း SpaceX ကုမ္ပဏီ၏ပြောကြားချက်အရ သိရသည်။ နာဆာအဖွဲ့က လကမ္ဘာသွားမစ်ရှင်များ ဆောင်ရွက်မည့် နည်းပညာတီထွင်ရန် ကုမ္ပဏီ ၁၂ ခုကျော် ရွေးချယ်ခဲ့ကြောင်း နာဆာအဖွဲ့ အုပ်ချုပ်ရေးမှူး ဂျင်ဘရက်ဒင်စတိုင်း က ပြောကြားခဲ့သည်။ စုစုပေါင်း ဒေါ်လာသန်း ၃၇၀ ကုန်ကျ မည့် အဆိုပါအစီအစဉ်တွင် ဒေါ်လာသန်း ၂၇၀ ကို နည်းပညာ စီမံခန့်ခွဲရေးလုပ်ဆောင်ရန် ကုမ္ပဏီ လေးခုသို့ ပေးအပ်မည်ဟု နာဆာအဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အမေရိကန်အာကာသယာဉ်မှူး နှစ်ဦးက လကမ္ဘာတောင်ဝင်ရိုးစွန်းသို့ သွားရောက်ရန် စီစဉ်ထားပြီး နောက်လေးနှစ်အကြာ ၂၀၂၈ ခုနှစ်တွင် လကမ္ဘာ၌ လူသားများ ပထမဆုံးအကြိမ် အခြေချရန် နာဆာအဖွဲ့က စီစဉ်နေကြောင်း ဂျင်ဘရက်ဒင်စတိုင်းက ပြောသည်။
ကိုးကား-စပွတ်ညစ်ခ်
ဘာသာပြန်-ကျော်ထိုက်စိုး