မန္တလေး ၂၂ ဇူလိုင်
မန္တလေးတက္ကသိုလ် အင်္ဂလိပ်စာဌာနနှင့် အမေရိကန်သံရုံးတို့ ပူးပေါင်းကျင်းပသည့် အင်္ဂလိပ်ဘာသာသင်ကြားရေးနှင့် သုတေသနဆိုင်ရာညီလာခံ(5th Annual International ELT Conference) ကို မန္တလေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါညီလာခံကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်အသီးသီးမှ အင်္ဂလိပ်စာသင်ကြားရေး ဆရာ၊ ဆရာမများ တွေ့ဆုံဆွေးနွေးဖလှယ်ခြင်းဖြင့် သင်ကြားရေးနည်းလမ်းများဖြင့် သုတေသနဆိုင်ရာလုပ်ငန်းများ တိုးတက်လာစေရန်နှင့် အင်္ဂလိပ်ဘာသာလေ့လာသင်ယူနေကြသည့် ကျောင်းသားကျောင်းသူများ အတွက်လည်း အကျိုးတရားရရှိလာစေရန်ရည်ရွယ်၍ ယခုနှစ်တွင် ငါးကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
''ဒီညီလာခံကို တစ်နိုင်ငံလုံးမှာရှိတဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေနဲ့ ကွန်ပျူတာတက္ကသိုလ်စတဲ့ တက္ကသိုလ်ပေါင်း ၆၀ ကျော်က အင်္ဂလိပ်စာ ဆရာ၊ ဆရာမတွေ အချင်းချင်းတွေ့ဆုံပြီး နှစ်စဉ်သင်ကြားရေးမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ဒီညီလာခံမှာချပြပြီး ဘယ်လိုကျော်လွှားကြမလဲဆိုတဲ့ နည်းလမ်းတွေကို အချင်းချင်း တိုင်ပင်နှီးနှောဖလှယ်ပြီး ရရှိလာတဲ့ နည်းလမ်းတွေကို လက်တွေ့ စာသင်ခန်းထဲမှာ အသုံးချနိုင်အောင် ကျင်းပတာဖြစ်ပါတယ်။ ဒီနှစ်မှာ ကျင်းပတဲ့ ညီလာခံကတော့ နည်းနည်းထူးခြားပါတယ်။
ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့ ကိုက်ညီနဲ့ သင်ကြားရေး စနစ်တွေ ဖြစ်ရဲ့လားဆိုတာ ပြန်သုံးသပ်ဖို့နဲ့ သင်ကြားရေးအပြင် သုတေသနလုပ်ငန်းတွေ လုပ်ပြီး ပြန်လည် အသုံးချဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ စာတမ်းဖတ်ပွဲတွေ ဆောင်ရွက်ကြမှာပါ။ ဒီညီလာခံကို ကျင်းပနိုင်ဖို့ ခွင့်ပြုပေးတဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ထောက်ပံ့ကူညီတဲ့ အမေရိကန်သံရုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ''ဟု မန္တလေးတက္ကသိုလ်အင်္ဂလိပ်စာဌာနမှ ပါမောက္ခဌာနမှူး ဒေါ်သန္တာစိုးက ပြောသည်။
အဆိုပါညီလာခံတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဒုတိယသံအမတ် Mr. George Sibley က ယခု ကျင်းပသည့် ညီလာခံမှ သိတာထင်ရှားသည့် အကျိုးကျေးဇူးအနေဖြင့် သုတေသနလုပ်ငန်းများနှင့် နိုင်ငံတကာ နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများတွင် များစွာအထောက်အကူ ဖြစ်စေနိုင်မည့်အပြင် အတွေးအခေါ်သစ်များ ရရှိစေနိုင်ကြောင်းနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်ရန် အထောက်အကူဖြစ်စေမည့် ညီလာခံတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီခွင့်ရရှိသည့်အတွက် ဝမ်းမြောက်မိပါ ကြောင်း ပြောကြားခဲ့သည်။
ယခုကျင်းပသည့် ညီလာခံကို ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ အလုပ်ရုံဆွေးနွေးပွဲများ စာတမ်းဖတ်ပွဲများ နှင့်အတူ ကျင်းပသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အသီးသီးမှ အင်္ဂလိပ်စာသင်ကြားရေး ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၀ဝ ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
