နေပြည်တော် အောက်တိုဘာ ၇
ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ အရာထမ်းများအတွက် အင်္ဂလိပ်စာဘာသာ စကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း (Upper Intermediate Levelအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်မှု အရည်အသွေးမြှင့်တင်ရေးအတွက် အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်မှု သင်တန်းများ၊ ICT ကျွမ်းကျင်မှုဆိုင်ရာ အခြေခံသင်တန်း၊ ပညာရေးစီမံခန့်ခွဲမှုသင်တန်းများ ကို ဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် နေပြည်တော်တွင် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ အရာထမ်းများ စုပေါင်းသင်ယူခြင်း အခွင့်အလမ်းကို ပူးပေါင်း ပံ့ပိုးပေးခြင်းဖြင့် ဦးစီးဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုလွယ်ကူလျင်မြန်လာမည်ဖြစ်ကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)၏ စီမံခန့်ခွဲမှု၊ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် အရည်အသွေးအာမခံမှု ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးပြီး ရေရှည်တည်တံ့ရန် ဆောင်ရွက်ရာ တွင် လူ့စွမ်းအားအရင်းအမြစ်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းသည် ဝန်ကြီးဌာန၏ အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ယခုသင်တန်းတက်ရောက်မည့် အရာထမ်း ဝန်ထမ်းများအနေဖြင့် မိမိတို့အတွက် အကျိုးရှိမည့် အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အသွေးများကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ နေ့စဉ်ဆောင်ရွက်လျက်ရှိ သည့် ရုံးလုပ်ငန်းတာဝန်များ၌ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုစွမ်းရည် ပိုမိုတိုးတက်စေ ရန်ရည်ရွယ်၍ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (သုတေသန)တို့ပူးပေါင်း၍ Capacity Development Fund(CDF) ဖြင့် Upper - Intermediate Level with Project - Based Assessment သင်တန်းအား အရာရှိ (၁၆)ဦးအား သီတင်း (၈)ပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း နှင့်တာဝန်ရှိသူများ၊ English Language Fellowship Program ၌ ပံ့ပိုးကူညီဆောင်ရွက်ပေးသော အမေရိကန်သံရုံးမှ သင်တန်းနည်းပြဆရာမ Mrs Loren Lee Chiesi ၊ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု သင်တန်း ကျောင်း (နေပြည်တော်)မှ ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
(သတင်းစဉ်)


