အင်္ဂလန်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ယူရို ၂၀၂၀ ဖလား ဆွတ်ခူးနိုင်ခဲ့သည့် အီတလီ

ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ်  အီတလီအသင်းနှင့် အင်္ဂလန်အသင်းတို့ပွဲစဉ်ကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက အင်္ဂလန်နိုင်ငံရှိ  ဝင်ဘလေကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ အီတလီအသင်းက ပယ်နယ်တီအဆုံးအဖြတ်တွင် သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ယူရိုဖလားအား  ၁၉၆၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် သာမန်ပွဲချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျနေ၍ အချိန်ပို ဆက်လက်ကစားခဲ့ရသည်။ အချိန်ပိုတွင်လည်း နှစ်သင်းစလုံး ဂိုးသွင်း ယူနိုင်ခြင်းမရှိသောကြောင့် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရခြင်းဖြစ်သည်။

ယနေ့ပွဲစဉ်တွင် နည်းပြမန်စီနီ၏ အီတလီအသင်းသည် ဆီမီးဖိုင်နယ်တွင် စပိန်အသင်းအား အနိုင်ရရှိ ခဲ့သည့် ကစားသမားစာရင်းကို အပြောင်းအလဲပြုလုပ်လာခြင်း မရှိဘဲ ဒွန်နာ ရမ်မာ၊ ဘိုနူချီ၊ ချီလီနီ၊ ဂျင်ဟို၊ ဗာရက်တီ၊ အင်မိုဘီလီစသည့် ကစားသမားများဖြင့် အော်လန်သင်းကို ရင်ဆိုင်လာခဲ့သည်။ နည်းပြ ဆောက်ဂိတ်၏ အင်္ဂလန်အသင်းက ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဒိန်းမတ်အသင်းအား အနိုင်ရရှိ ခဲ့သည့် ကစားသမားစာရင်းကို တစ်ဦးသာ အပြောင်းအလဲပြုလုပ်ပြီး ပစ်ဖို့ဒ်၊ မက်ဂွင်းယား၊ ဝေါ်လ်ကာ၊ လုခ်ရှာ၊ ထရစ်ပီယာ၊ စတားလင်း၊ ကိန်းစသည့် ကစားသမားများဖြင့် အီတလီ အသင်းကို ရင်ဆိုင် လာခဲ့သည်။ အင်္ဂလန်အသင်းသည် ပွဲအစ နှစ်မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့ပြီး ထရစ်ပီယာ၏ ဖန်တီး ပေးမှုမှတစ်ဆင့် လုခ်ရှောက သွင်းယူပေးနိုင်ခဲ့သည်။ ယနေ့ပွဲစဉ်တွင် အပြန်အလှန်ထိုးဖောက် တိုက်စစ် ဆင်မှုများရှိခဲ့သော်လည်း ပွဲချိန်အများစုကို အီတလီအသင်းကသာ ထိန်းချုပ်ကစားနိုင်ခဲ့သည်ကို တွေ့ရသည်။ ပွဲချိန် ၆၇ မိနစ်တွင် အီတလီအသင်းက ချေပဂိုးရရှိခဲ့ပြီး ဗာရက်တီ၏ ဖန်တီးပေးမှုမှ တစ်ဆင့် ဘိုနူချီက သွင်းယူပေးနိုင်ခဲ့သည်။

ထို့နောက် နှစ်သင်းစလုံး လူစားလဲမှုများ ပြုလုပ်လာခဲ့သော်လည်း လုပ်အပ်နေသည့် ဂိုးများကို သွင်းယူနိုင်ခြင်းမရှိသောကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပိုတွင်လည်း နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ပယ်နယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရခြင်းဖြစ်သည်။ ပယ်နယ်တီအဆုံးအဖြတ်တွင်အင်္ဂလန်အသင်းမှ ဟယ်ရီကိန်းနှင့် မက်ဂ္ဂိုင်းယားတို့သာ ဂိုးဝင်အောင် သွင်းယူနိုင်ပြီး အီတလီအသင်းမှ ဘာရာဒီ၊ ဘိုနူချီ၊ ဘာနာဒက်စ်ချီတို့ ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့သော ကြောင့် အီတလီအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင် ရရှိကာ အသင်းသမိုင်းတစ်လျှောက် ယူရိုဖလားကို နှစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲအစတွင်ရရှိခဲ့သော လုခ်ရှော၏ ဂိုးသည် ဥရောပ ချန်ပီယံ ရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် တစ်မိနစ်နှင့် ၅၇ စက္ကန့်ဖြင့် အလျင်မြန်ဆုံးဂိုးသွင်းယူသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အီတလီအသင်းမှ ဘိုနူချီသည် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အသက် ၃၄ နှစ်နှင့် ၇၁ ရက်ဖြင့် အသက်အကြီးဆုံး ဂိုးသွင်းယူသူအဖြစ် မှတ်တမ်းဝင် ခဲ့သည်။

ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဒိန်းမတ်၊ အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန် အပါအဝင် နိုင်ငံ (၁၁)နိုင်ငံက လက်ခံ ကျင်းပခဲ့သည်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမား ဆုကို အီတလီဂိုးသမား ဒွန်မာရမ်မာကရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို စပိန် ကစားသမား ပီဒရီကရရှိခဲ့သည်။ ဂိုးသွင်းအများဆုံးဆု (ရွှေဖိနပ်)ဆုကို ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်ဒိုက ရရှိခဲ့သည်။ စီရော်နယ်ဒိုသည် ချတ်တိုက်စစ်ကစားသမား ရှစ်ချ်နှင့်သွင်းဂိုး ငါးဂိုးစီ တူညီ နေသော်လည်း ဂိုးရရှိအောင် တစ်ကြိမ်ဖန်တီးပေးထားနိုင်သောကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

အောင်ဇော်