၂၂ နိုဝင်ဘာ
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အင်္ဂလန်နိုင်ငံမှာ ဒီဇင်ဘာ ၂ ရက်နေ့တွင် အသွားအလာ ကန့်သတ်မှု (lockdown) ပြီးဆုံးပြီးနောက် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ဆက်လက် ချမှတ်မှာ ဖြစ်ကြောင်း ဒီနေ့(စနေနေ့) မှာ အတည်ပြုမှာ ဖြစ်ပါတယ်။
အသွားလာ ကန့်သတ်မှု နောက်ပိုင်း COVID Winter Plan လို့ အမည်ပေးထားတဲ့ အစီအစဉ်အရ စည်းမျဉ်းစည်းကမ်း အဆင့် ၃ ဖြစ်တဲ့ တင်းကျပ်တဲ့ စည်းမျဉ်း အသေးစိတ်ကို တနင်္လာနေ့မှာ ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။
အင်္ဂလန်နိုင်ငံ တစ်ခုလုံးကို အခုလဆန်းပိုင်းက အသွားအလာ ကန့်သတ်မှု သီတင်းလေးပတ် ချမှတ်ခဲ့ပါတယ်။ အဲဒီကန့်သတ်မှုအရ လူတိုင်း အိမ်မှာနေခြင်းနဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ထားခြင်းအားဖြင့် ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့မှု ဒုတိယလှိုင်းကို ထိန်းချုပ်ရန် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ ကန့်သတ်မှုဟာ ဒီဇင်ဘာ ၂ ရက်နေ့မှာ သက်တမ်းပြည့်မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ဒေါင်းနင်းလမ်း နံပတ် ၁၀ ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ စည်းမျဉ်းစည်းကမ်းက နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်မှု လုပ်ခဲ့ကြောင်း၊ ကျန်းမာရေး ဌာနအပေါ် ကျရောက်နေတဲ့ ဖိအားတွေလည်း လျှော့ချနိုင်ခဲ့ကြောင်း သိရပါတယ်။
ရောဂါပိုး ကူးစက်မှုကို လျှော့ချနိုင်ပေမယ့် ဒေသဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ မလုပ်ဆောင်ခဲ့ရင် ပိုးကူးစက်မှု ပြန်လည်များလာမှာကို စိုးရိမ်ကြောင်း၊ ကာကွယ်ဆေး မဖြန့်ချိနိုင်သေးခင် လူအများအပြား ကို ပိုးစစ်ဆေးမှု မလုပ်နိုင်သေးခင်မှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံဟာ ဉရောပမှာ ဗိုင်းရပ်စ်ပိုး ဒဏ်ခံရဆုံး နိုင်ငံဖြစ်ပြီး ပိုးကူးစက်ခံရသူ စုစုပေါင်း ၁.၄ သန်းနဲ့ သေဆုံးသူ ၅၄,၀၀၀ ကျော် ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
