၁၄ ဒီဇင်ဘာ
အင်္ဂလန်ပရီမီယာလိဂ်ပွဲစဉ်(၁၂) ဒီဇင်ဘာ ၁၃ ရက် ပွဲစဉ်များမှ ဆောက်သမ်တန်နှင့် ရှက်ဖီးလ်ယူနိုက်တက်ပွဲတွင် သုံးဂိုး-ဂိုးမရှိဖြင့် ဆောက်သမ်တန်အသင်း ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ယင်းပွဲတွင် အိမ်ရှင်ဆောက်သမ်တန်သည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ဧည့်သည်ရှက်ဖီးလ် ယူနိုက်တက်သည် ၃-၅-၂ပုံစံဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်းပွဲစဉ် ၃၄ မိနစ်တွင် တိုက်စစ်မှူးအဒမ်က ဆောက်သမ်တန်အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်း ၆၂ မိနစ်တွင် အမ်းစထရောင်း နှင့် ၈၃ မိနစ်တွင် ရက်ဒ်မန့်တို့က သွင်းယူခဲ့သည်။
ယနေ့ပွဲတွင် အိမ်ရှင်ဆောက်သမ်တန်သည် ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ရာ ခြောက်ကြိမ် ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့သည်။ ရှက်ဖီးလ်အသင်းသည် သုံးကြိမ်သာ ဂိုးကန်သွင်းခွင့် ရရှိခဲ့ပြီးတစ်ကြိမ်မျှ ဂိုးပေါက်မခြိမ်းခြောက်နိုင်ခဲ့ပေ။ ပွဲစဉ် (၁၂) ယှဉ်ပြိုင်အပြီး ဆောက်သမ်တန်သည် ရမှတ် ၂၃ မှတ် ရရှိထားကာ ရှက်ဖီးလ် ယူနိုက်တက်သည် နိုင်ပွဲမရရှိသေးဘဲ တစ်မှတ်သာရရှိထားပြီး ရာသီအကုန် တန်းဆင်းရန် သေချာသလောက်ရှိနေသည်။
ပရီမီယာလိဂ်ပွဲစဉ် (၁၂) မှ စနေနေ့တွင်ယှဉ်ပြိုင်ခဲ့သည့် မန်ချက်စတာ ဒါဘီပြိုင်ပွဲတွင် မန်ယူနှင့် မန်စီးတီးတို့ ဂိုးမရှိသရေကျခဲ့သည်။ အဲဗာတန်နှင့် ချယ်ဆီးပွဲတွင် အိမ်ကွင်း၌ တစ်ဂိုး-ဂိုးမရှိဖြင့် အဲဗာတန်အသင်း အနိုင်ရရှိ ခဲ့သည်။ အဲဗာတန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၂၂ မိနစ်တွင် ဆီဂတ်စ်ဆန်က ပယ်နယ်တီမှ သွင်းယူခဲ့ခြင်းဖြစ်သည်။
သီဟ