နေပြည်တော်  ၁  ဇူလိုင် 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ယခုဖွင့်လှစ်သည့် အင်ဂျင်နီယာများ မွမ်းမံသင်တန်း၏ ရည်ရွယ်ချက်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် ဖြစ်တည်နိုင်ရန်အတွက် လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝ သည့်မျိုးဆက်သစ်အင်ဂျင်နီယာများ ပေါ်ထွက်လာစေရန်နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားသယ်ပို့လိုင်း၊ ဓာတ်အားခွဲရုံ၊ တည်ဆောက်ရေး လုပ်ငန်းနှင့် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတို့တွင် ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းသိမ်းမောင်းနှင် တာဝန်ထမ်းဆောင်နိုင်သည့် အရည်အချင်းများ ပြည့်ဝစေ ရန်ရည်ရွယ် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း။

 

သင်တန်း၏ရည်ရွယ်ချက်အတိုင်း ထိရောက်စေရေးအတွက် တက်ရောက်လာသည့် သင်တန်းသားများကို သင်တန်းနည်းပြများက မိမိတို့လုပ်သက်တစ်လျှောက် လုပ်ငန်းအတွေ့အကြုံများ ထည့်သွင်းပြီး သင်ကြားပို့ချသွားမည်ဖြစ်၍ သင်တန်းသားများအနေဖြင့် တက်လို၊ သိလိုသည့်စိတ်များ ကိုအရင်းခံ၍ စိတ်ဝင်တစားကြိုးစား လေ့လာသင်ယူ ဆည်းပူးကြစေလိုကြောင်း၊ နိုင်ငံတော်၏ လုပ်ငန်းများတွင် လက်ဆင့်ကမ်းသယ်ဆောင်သွားကြမည့် အင်ဂျင်နီယာ ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

 

အဆိုပါအင်ဂျင်နီယာများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) အားလျှပ်စစ် နှင့်စွမ်းအင် ဝန်ကြီးဌာနရှိ ဝန်ကြီးရုံး/ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ သင်တန်းသား/သင်တန်းသူ (၂၉)ဦးဖြင့်ရက်သတ္တ (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

IMG_201