အင်္ဂပူ ၁ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အင်္ဂပူမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲ တော်၊ စာအုပ်ပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲကို ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အ-ထ-က(ကွင်းကောက်)၌ ဇန်နဝါရီလ ၃ရက်မှ ၄ ရက်အထိ နှစ်ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြင်ဆင်ဆောင်ရွက်နေမှုများကို ဟင်္သာတခရိုင်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဒေါ်မာလာဝင်းနှင့် တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ပြခန်းများဆောင်ရွက်ပြီးစီးမှုနှင့် ကလေးစာပေပွဲတော်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတွင် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ အင်္ဂပူမြို့နယ်ပြခန်း၊ အခြေခံပညာဦးစီးဌာနပြခန်း၊ မြို့နယ်ရဲတပ်ဖွဲ့ပြခန်း၊ မီးသတ်+ဘေးစီမံဦးစီးဌာနပြခန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေး+ငါးလုပ်ငန်း+တိမွေးကုဦးစီးဌာနပြခန်း၊ ကျန်းမာရေးဌာနပြခန်း အစရှိသည့် မြို့နယ်ပြခန်းများအပြင် ကလေးစာဖတ်ခန်းလည်း ထည့်သွင်းစီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ စကားပုံဆက်၊ အိမ်ဆောက် စသည့် ပြိုင်ပွဲများနှင့် ထုတ်စီးတိုးပြိုင်ပွဲ၊ အိတ်စွတ်ပြိုင်ပွဲ၊ ဘဲဖမ်းပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံ ပဒေသာကပွဲ အစီအစဉ်များ၊ စာပေဟောပြောပွဲ၊ စာအုပ်စျေးရောင်းပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - မန်းကျော် (ပြန်/ဆက်)
ဓာတ်ပုံ-ဇော်ဝင်းဟန်၊ဝင်းဗိုလ်