အင်္ဂပူ ၄ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက အခြေခံပညာ အထက်တန်းကျောင်း(ကွင်းကောက်)ရှိ နံကသူခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟက အမှာစကားပြောကြားပြီး ကလေးစာပေပွဲတော် ပြိုင်ပွဲအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များအား ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ရပ်မိရပ်ဖ ဦးစိန်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါပွဲတော်ကို ဧရာဝတီတိုင်းဒသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများက ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး (၁၄)ကြိမ်မြောက်အဖြစ် အင်္ဂပူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်တို့၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ထွန်းဇော်ထွန်း(မြန်မာစာ)
ဓာတ်ပုံ-မန်းကျော်၊ ဇော်ဝင်းဗိုလ်