ရန်ကုန် ၁၆ ဩဂုတ်
နိုင်ငံတော်အစိုးရအနေဖြင့် အိမ်ရာဝယ်ယူနိုင်စွမ်း မရှိသည့် အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများအတွက် အခန်းပေါင်း ငါးထောင်ကျော်ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၇) လမ်းမကြီးနှင့် အမှတ် (၂) လမ်းဆုံအနီး စံပြစိုက်ပျိုးရေး အထူးဇုန်၌ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်ထံမှ သိရသည်။
“ ဆောက်လုပ်ရေး အသင်းသုံးသင်းက ငွေကြေးအရင်းအနှီး စိုက်ထုတ်ပြီး တည်ဆောက်မယ်။ အိမ်ရာဝယ်ယူနိုင်စွမ်းမရှိတဲ့ ပြည်သူတွေကို အငှားအိမ်ရာ တင်ပေးမှာ ဖြစ်ပါတယ်။ အငှားအိမ်ရာ စီမံကိန်းကို ၆ လအတွင်း အပြီးတည်ဆောက်မှာပါ။ စတင် အကောင်အထည်ဖော်နေပါပြီ။ ဒီဇိုင်းတွေကတော့ အဆင်သင့်ရှိနေပါပြီ။ တည်ဆောက်ပြီးသွားရင် အငှားအိမ်ရာတွေကို တိုင်းဒေသကြီး အစိုးရတွေက တကယ်နေထိုင်ဖို့ လိုအပ်နေပြီး ဝယ်နိုင်စွမ်းမရှိတဲ့ ပြည်သူတွေ ချပေးသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မူဝါဒနှင့်စီမံကိန်း ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်မီမီတင် က ပြောသည်။
အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်၊ လိုင်စင်ရ ကန်ထရိုက်တာများအသင်းနှင့် မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းတို့မှ စံပြစိုက်ပျိုးရေး အထူးဇုန်အတွင်းရှိ မြေဧက ၁၇၁ ဧကပေါ်တွင် အခန်းပေါင်း ၅၀၇၂ ကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ကနဦးအနေဖြင့် အခန်းပေါင်း ၅၀၇၂ ကို စတင်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပြီး ကျန်ရှိသည့်အခန်း ၁၂၀၀ ကျော်ကို မြေနေရာရရှိမှုအပေါ်မူတည်၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ ဒီဇိုင်းရေးဆွဲပြီးပါပြီ။ ဩဂုတ်လမှာ စတင်အကောင်အထည်ဖော် တည်ဆောက်ပြီး မတ်လ ၃၁ ရက် မတိုင်ခင် အပြီးတည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ အဆောက်အဦက ငါးထပ်ဆောက်ပြီး အောက်ဆုံးထပ်ကို Community Hall သဘောမျိုးထားပြီး အပေါ် ၄ ထပ်ကို ငှားရမ်းတဲ့စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ဆေးရုံ၊ ကျောင်း၊ ဈေး၊ ပန်းခြံနဲ့ အားကစားကွင်းတွေ ထည့်သွင်းတည်ဆောက်သွားမှာပါ” ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးအသင်း သုံးသင်းမှ ပြည်သူ့များအတွက် အငှားအိမ်ရာ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအပြင် နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် အခန်းပေါင်း ၃၀၀၀ ကို လည်းကောင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မူဝါဒနှင့်စီမံကိန်း ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်မီမီတင် က “အငှားအိမ်ရာ စီမံကိန်းက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ အခန်းပေါင်းတစ်သောင်း အကောင်အထည်ဖော် တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီအခန်းတွေကို တည်ဆောက်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ဌာနမှာ အရောင်းအိမ်ရာတွေ စတင်ခဲ့ပါတယ်။ အရောင်းအိမ်ရာတွေ ဝယ်နိုင်စွမ်းမရှိတဲ့ ပြည်သူတွေကို ဘဏ်နဲ့ချိတ်ဆက်တဲ့စနစ်နဲ့ လုပ်ပေးခဲ့ပါတယ်။ ကျပ်သိန်းတစ်ရာကျော် တန်ဖိုးရှိတဲ့ အခန်းတွေကို ကျပ်သိန်း ၃၀ ဘဏ်မှာစုပြီးရင် ၇၀ ရာခိုင်နှုန်းကို ဘဏ်ချေးငွေနဲ့ ရောင်းချပေးပါတယ်။ ဘဏ်မှာစုဆောင်းထားတဲ့ လူသုံးသောင်းကျော်ထဲကလည်း အခန်းတွေကို ဝယ်နိုင်တဲ့အင်အား အပြည့်မရှိဘူး။ အဲ့ဒါကြောင့် နိုင်ငံတော်ရဲ့ လမ်းညွန်မှုနဲ့ အငှားအိမ်ရာ စီမံကိန်းတွေကို လုပ်ပေးမှဖြစ်မယ်။ ကိုဗစ်ကာလမှာ အလုပ်အကိုင်ရရှိရေးအတွက်လည်း ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ဒါမျိုးနှစ်ပေါင်း ၃၀ ကျော်ပြီ မလုပ်နိုင်ခဲ့တာ။ နောက်ဆုံးလုပ်ခဲ့တာ ရန်ကင်း၊ သုဝဏ္ဏလို နေရာမျိုးတွေမှာ ပြည်သူ့အငှားအိမ်ရာတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀/ ၄ဝက ပေးခဲ့တာ။ အခု ၂၀၂ဝ မှာ ပြန်ပြီး အကောင်အထည် ဖော်ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို Private Finance Initiative စနစ်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီ အသင်းအဖွဲ့များက ဦးစွာပထမ ငွေကြေးအရင်းအနှီး စိုက်ထုတ်၍ တည်ဆောက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် ပိုလျှံလာမည့် ဘတ်ဂျက်ထဲမှ ပြန်လည်ပေးချေမည့်စနစ်ဖြင့် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်မီမီတင် က “ ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ခုအနေနဲ့ အငှားအိမ်ရာ လုပ်ပေးရတာ ကုန်ကျစရိတ်များပါတယ်။ ဒီအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို အများကြီး လုပ်ပေးလိုက်ရတယ်။ သင့်တင့်လျောက်ပတ်တဲ့ အခန်းငှားခတွေပြန်ဝင်လာပြီး ရလာတဲ့ အခန်းငှားခတွေကို နောက်နှစ်နောက်နှစ်တွေမှာ တခြားလိုအပ်တဲ့ နေရာတွေမှာ ထပ်ဆောက်သွားပါမယ်” ဟု ဆိုသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှု/စီးပွားဘဝကို ကာကွယ်နိုင်ရန်နှင့် ဆောက်လုပ်ရေး ကဏ္ဍမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် လူဦးရေများသော မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ပြည်သူ့အငှားအိမ်ရာ ၁၀၀၀၀ ယူနစ် ဆောက်လုပ် ဖြည့်ဆည်းပေးရန် စီမံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက “ ဝင်ငွေနည်း ပြည်သူတွေရှိသလို အိမ်ရာအခက်အခဲရှိတဲ့ ဝန်ထမ်းတွေအားလုံးအတွက် တကယ်ကို မင်္ဂလာရှိတဲ့ သတင်းဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ နေမယ်ဆိုရင် အိမ်ရာမရှိရင် ရပ်တည်ဖို့ခက်ခဲပါတယ်။ နေစရာနေရာ တစ်ခုရဖို့က ပြည်သူတွေအတွက် အဓိကလိုအပ်ချက်ဖြစ်ပါတယ်။ ကိုဗစ်-၁၉ အချိန်အခါမှာ ပြည်သူတွေအတွက် အိမ်ရာလိုအပ်ချက်ဖြစ်တဲ့ ဒီအိမ်ရာတွေ ဆောက်တာရယ်၊ အိမ်ရာတွေ ဆောက်တဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းနဲ့ပတ်သက်တဲ့ လုပ်သားတွေ၊ အင်ဂျင်နီယာတွေ အလုပ် အကိုင်အခွင့်အလမ်းတွေ အများကြီးရရှိမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေအားလုံးလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမှာဖြစ်ပါတယ် ဒီဆုံးဖြတ်ချက်က နိုင်ငံတော်အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ မှန်ကန်တဲ့စေတနာတွေနဲ့ အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
အလုပ်အကိုင် အခွင့်အလမ်းပေါများသည့် မြို့ကြီးများတွင် အိမ်ရာလိုအပ်ချက် မြင့်မားလေ့ရှိပြီး ဝင်ငွေနည်း ပြည်သူများအတွက် လုံခြုံစိတ်ချရသည့်၊ သွားလာရေး လွယ်ကူပြီး ငှားရမ်းခသက်သာသည့် အိမ်ရာများတွင် နေထိုင်ခွင့် ဖန်တီးပေးနိုင်ခြင်းဖြင့် အိမ်ခြေယာမဲ့များ တိုးပွားလာမှုကို စည်းကမ်းတကျ ထိန်းကျောင်း ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်သူ့အငှားအိမ်ရာစနစ်ကို ၁၉၅၁ ခုနှစ် စတင်ကျင့်သုံးခဲ့ပြီး ပါလီမန် ဒီမိုကရေစီခေတ်တွင် အိမ်ခန်းပေါင်း ၉၀၀၀ ကျော်၊ ဆိုရှယ်လစ်ခေတ်တွင် အိမ်ခန်းပေါင်း ၁၁၀၀၀ ကျော်နှင့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် အိမ်ခန်းပေါင်း ၁၄၀၀၀ ကျော် ဆောက်လုပ်ပေးခဲ့ပြီး ဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများကို ဈေးကွက်တွင်ရှိသည့် ငှားရမ်းခထက် များစွာသက်သာသည့် နှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
မျိုးမြင့်၊ မင်းသစ်(MNA)
ဓာတ်ပုံ-ဇော်မင်းလတ်