ညောင်ရွှေ     မတ်     ၁၅

          ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန်သည် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ စိတ်ဝင်တစားလာရောက်လည်ပတ်သည့် သဘာဝရေချိုကန် ခရီးသွားဒေသတစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ခရီးသွားလုပ် ငန်းများ ရပ်နားထားခဲ့ရာမှ ယခုနှစ်နွေရာသီတွင် အင်းလေးဒေသအတွင်းသို့ ပြည်တွင်းပြည်ပ ခရီး သွားဧည့်သည်များ ပြန်လည်ဝင်ရောက် လည်ပတ်လာသည်ကို တွေ့ရှိရသည်။

          “ကလေးတွေ နွေရာသီကျောင်းပိတ်ရက်မှာ မိသားစုနဲ့ဖုရားဖူးထွက်တာပါ ကလေးတွေက အင်းလေးကန်မှာ လှေစီးချင်တယ် ဖောင်တော်ဦးဘုရားဖူးချင်တယ်ဆိုလို့ လိုက်ပို့ပေးတာပါ လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက အင်းလေးကန်ကိုရောက်ခဲ့ဖူးပါတယ် အဲတုန်းကဖောင်တော်ဦး ဘုရားပွဲကာလနဲ့တိုက်ဆိုင်တော့ အတော်လေးကိုစည်စည်ကားကားဖြစ်နေတာကြုံခဲ့ရပါတယ် အခု တော့ အင်းရေပြင်ကျယ်ကျယ်ကြီးကို သန့်သန့်ရှင်းရှင်းတွေ့ရတယ် ဖောင်တော်ဦးဘုရားကိုလည်း အေးအေးဆေးဆေးဖူးခဲ့ရတယ် တခြားဖုရားဖူးဧည့်သည်တွေလည်း တွေ့ခဲ့ရတယ်” ဟု မိသားစုနှင့် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် မခင်ချိုဝင်းကပြောကြားခဲ့သည်။

          “အခုတော့ ဧည့်သည်တွေတစ်စတစ်စ လာနေကြပါပြီ အရင်ကာလတွေတုန်းကထက်စာရင် နည်းနည်းပိုအဆင်ပြေလာတာပေါ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလ ပြီးတဲ့အချိန်ရယ် သင်္ကြန်ကာ လရယ် အဲအချိန်တွေမှာ ဧည့်သည်တွေပိုဝင်လာမယ့်လို့ မျှော်လင့်ရပါတယ် အင်းလေးဒေသကြီးကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေများမှ ကျွန်တော်တို့လုပ်ငန်းကော အင်းလေးကန်အတွင်းမှာ အသက်မွေးဝမ်းကျောင်း လုပ်နေကြသူတွေကောပါ အဆင်ပြေနိုင်မှာပါ ဧည့်သည်များများဝင်ပါစေ လို့ ဆုတောင်းပါတယ်” ဟု ခရီးသွားစက်လှေလုပ်ငန်း လုပ်ကိုင်နေသူ ဦးရွှေထွန်းကပြောကြားခဲ့ သည်။

          အင်းလေးဒေသအတွင်းသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များသည် ညောင်ရွှေမြို့နှင့်ဝန်းကျင်ရှိ ညောင်ရွှေဟော်နန်း၊ ဒေသရိုးရာစားသောက်ဆိုင်များ၊ ဈေးနှင့်အမှတ် တရပစ္စည်းအရောင်းဆိုင်များ၊  မိုင်းသောက်တံတား၊ ရွှေရန်ပြေရှေးဟောင်းဘုန်းတော်ကြီးကျောင်း၊ အစရှိသည့် နေရာများသို့လည်ပတ်ကြပြီး ညောင်ရွှေမြို့ရှိ စက်လှေဆိပ်များမှလည်းကောင်း၊  နန်းပန်မြို့ ဈေးလှေဆိပ်မှလည်းကောင်း၊ ခေါင်တိုင်ကျေးရွာစက်လှေဆိပ်များနှင့် အခြားစက်လှေ ဆိပ်များမှလည်းကောင်း အင်းလေးကန်အတွင်းသို့ စက်လှေစီး၍သွားရောက်ပြီး ဖောင်တော်ဦး ဘုရားနှင့် အခြားစေတီပုထိုးများအား ဖူးမြော်ကြကာ ရက်ကန်းလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ မုန့်လုပ်ငန်းများကို  စိတ်ဝင်တစား သွားရောက်လေ့လာလည်ပတ်မှုများ ပြုလုပ်ကြကြောင်း သိရသည်။

 

စိုင်းအယ်ဘဲ