ညောင်ရွှေ ၃ နိုဝင်ဘာ

 

အင်းလေးကန်ဒေသ အမှတ်တံဆိပ် မိတ်ဆက်ပြသပွဲ အခမ်းအနားကို နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲက ညောင်ရွှေမြို့ Royal Nadi Resort Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်နှင့် International Finance Corporation, Country Manager Mrs R Sharni Alexတို့ က အမှာစကား ပြောကြားပြီး အင်းလေးကန်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် International Finance Corporation မှ ဦးသစ္စာတို့က အင်းလေးကန်ဒေသ အမှတ်တံဆိပ် ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားသည်။ ထို့နောက် International Finance Corporation မှ တာဝန်ရှိသူများက အင်းလေးကန်ဒေသ အမှတ်တံဆိပ် လမ်းညွှန်စာအုပ်ကို အင်းလေးကန် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ထံ ပေးအပ်ခဲ့သည်။

 

၂

 

အင်းလေးကန်ဒေသ အမှတ်တံဆိပ်ကို တောင်တန်းပုံစံ နောက်ခံထားကာ အင်းသားတစ်ဦး ဟန်ချက်ညီစွာ ခြေထောက်ဖြင့် လှေလှော်ခတ်နေသည့်ပုံကို အရောင်အပြည့်ဖြင့် ဖန်တီးထားကြောင်း၊ အမှတ်တံဆိပ်ပေါ်ပေါက်လာရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး ဒေသခံများ၏ သဘောထားများကို အကြိမ်များစွာ စုစည်းတောင်းခံကာ အင်းလေးဒေသ၏ သဘာဝ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ ပေါ်လွင်စွာဖန်တီးထားရှိကြောင်း၊ အမှတ်တံဆိပ် သတ်မှတ်ခြင်းဖြင့် အင်းလေးကန်၏ ခရီးစဉ်ဒေသကို ထင်သာမြင်သာရှိပြီး မှန်ကန်သော သတင်းအချက်အလက်၊ မှန်ကန်သော ပုံရိပ်များကိုလည်း ထင်ဟပ်စေမည်ဖြစ်ကြောင်း၊ အင်းလေးကန်ဒေသ အမှတ်တံဆိပ်ကို International Finance Corporation ၏ ပံ့ပိုးမှု၊ Aus Aid, UK Aid အဖွဲ့အစည်းများ၏ ထောက်ပံ့မှု၊ အင်းလေးကန်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် ERA Myanmar ကုမ္ပဏီကို ငှားရမ်း ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နေမျိုးသူရိန်