ညောင်ရွှေ ၁ ဇန်နဝါရီ  

  

နှစ်သစ်ကူး ရုံးပိတ်ရက် ကာလအတွင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။

 

ယခင်နှစ်များနှင့်မတူဘဲ ယခုနှစ်တွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုပိုမို များပြားခဲ့သည့်အတွက် စက်လှေ (မော်တော်) များ ငှားရမ်းရန်အတွက် အခက်အခဲ အနည်းငယ်ဖြစ်ခဲ့ရသည်။ ပြည်တွင်း ဧည့်သည်များ အနေဖြင့် မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေ သူငယ်ချင်းများ စုပေါင်း၍ သော်လည်းကောင်း၊ ခရီးသွားကုမ္ပဏီ အစီအစဉ်များဖြင့် သော်လည်းကောင်း လာရောက်လည်ပတ်လျှက်ရှိကြပြီး အချို့မှာ မော်တော်ယာဉ်များဖြင့် အင်းလေးကန် အရှေ့ဘက်ခြမ်းရှိ မိုင်းသောက်တံတားမှလည်းကောင်း၊ နန်းပန်ဈေး လှေဆိပ်မှလည်းကောင်း၊ အင်းလေးကန် အနောက်ဘက်ခြမ်းရှိ ခေါင်တိုင်ရေပူစမ်း စက်လှေဆိပ်များမှလည်းကောင်း လာရောက်လည်ပတ်လျက် ရှိကြသည်။

 

အင်းလေးဒေသအတွင်း ခရီးသွား လည်ပတ်သည့် နေရာများဖြစ်သည့် ဖောင်တော်ဦးဘုရား၊ နန်းပန် အလိုတော်ပေါက်ဘုရား၊ ရက်ကန်းလုပ်ငန်းများ၊ ငွေပန်းတိမ် လုပ်ငန်းများ တည်ရှိရာ နေရာများအပြင် ရွှေအင်းတိန် မွေတော်ဘုရား၊ တောင်တိုမွေတော်ဘုရား၊ တာခေါင်မွေတော်ဘုရား၊ မိုင်းသောက်တံတား၊ ခေါင်တိုင်ရေပူစမ်း စသည့်နေရာများတွင်လည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စည်စည်ကားကား သွားရောက်လည်ပတ်လျက် ရှိကြကြောင်း သိရှိရသည်။

 

စိုင်းအယ်ဘဲ(ညောင်ရွှေ)