ဓမ္မပူဇော်ပွဲများ ကျင်းပပြုလုပ်ရန်နှင့် ခရီးသွားပြည်သူများ ခေတ္တနားနေရန် ရည်ရွယ်၍ အင်းလေးဒေသမှ အင်းတိုင်းရင်းသူ၊ တိုင်းရင်းသားများစုပေါင်း ဆောက်လုပ်လှူဒါန်းမည့် အင်းလေးဓမ္မာရုံ(နေပြည်တော်) ရတနာပန္နက်တော်တင်နှင့် ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်း၊ ဥပ္ပါတသန္တိစေတီတော်၊ ပွဲတော်ကွင်းအနီး၌ ကျင်းပပြုလုပ်သည်။
 
အဆိုပါအခမ်းအနားသို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တကဝိသာရ အမှူးပြု၍ အင်းလေးဒေသ ကျောင်းတော်အသီးသီးမှ ပင့်ဖိတ်သံဃာတော် ၅၀ ပါးတို့ ကြွရောက်တော်မူကြပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလှူရှင်များ၊ အင်းသူအင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အမှူးပြုသော ဧည့်ပရိသတ်များက မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
 
ထို့နောက် သံဃာတော်အရှင်သူမြတ်များထံ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်နှင့် နံ့သာရည်ဖလားများကို ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။
 
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တက်ရောက်လာကြသူများက ဆရာတော်များထံ ရတနာပန္နက်တော်၊ ရတနာငွေကြုတ်တော်၊ ရတနာအုတ်မြစ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
 
၎င်းနောက် အင်းလေးဓမ္မာရုံ(နေပြည်တော်) မြေနေရာနှင့် အလှူငွေများ ပေးအပ် လှူဒါန်းခြင်းကို ပြုလုပ်ရာ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်းငွေကျပ် သိန်း ၁၀ဝ အား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပေးအပ်လှူဒါန်းပြီး အင်းလေးဓမ္မာရုံ(နေပြည်တော်) တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းက လက်ခံရယူသည်။ ထို့နောက် မြေအလှူရှင်မှ တစ်ဧကအကျယ်အဝန်းရှိ မြေပိုင်ဆိုင်မှုအထောက်အထားနှင့်  အင်းသူအင်းသား အလှူရှင်များကလှူဒါန်းငွေစုစုပေါင်း ငွေကျပ်သိန်း ၉၈၀ အား ပေးအပ်လှူဒါန်းကြရာ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော် အရာရှိကြီးများက လက်ခံရယူကြသည်။
 
၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တက်ရောက်လာကြသူများက မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
 
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အလှူရှင်များ၊ ဧည့်ပရိသတ်များက ရတနာပန္နက်တော်များနှင့် ရတနာအုတ်မြစ်တော်များကို ဓမ္မာရုံဝတ္ထုကံမြေသို့ ပင့်ဆောင် သယ်ယူကြပြီး မင်္ဂလာအခါတော်အချိန်တွင် ပန္နက်တော်တင်မင်္ဂလာပြုလုပ်ကြကာ ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြခြင်းနှင့် နဂါးစာကျွေးခြင်းတို့အား အစီအစဉ်အတိုင်း ပြုလုပ်ကြသည်။
 
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရတနာအုတ်မြစ်တော်ဗဟိုဌာနတွင် ရတနာ ငွေကြုတ်တော်နှင့် ပတ္တမြားရတနာစီချယ်ထားသော ရတနာအုတ်မြစ်တော်ကို စီသွင်း ပူဇော်ပြီး အမွေးနံ့သာရည်များ ပက်ဖျန်းပူဇော်သည်။ ၎င်းနောက် တက်ရောက်လာကြသူများက ရတနာအုတ်မြစ်တော်များကို သတ်မှတ်နေရာများ၌ စီသွင်းပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။ 
 
ထို့နောက် သံဃာတော်အရှင်သူမြတ်တို့က ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသော ဇယမင်္ဂလာအောင်ဂါထာများကို ရွတ်ဆိုကြသည်။ ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တက်ရောက်လာကြသူများက “ဗုဒ္ဓ သာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်