ညောင်ရွှေ၊ ၃ ဇန်နဝါရီ
အင်းလေးကန် ဘေးမဲ့တောဧရိယာအတွင်း ရေတိမ်ဒေသကြီးများဖြစ်သည့် အင်းလေးကန်၊ စကားအင်းနှင့် မိုးဗြဲဆည်တို့တွင် ဆောင်းခိုငှက်အပါအဝင် ငှက်မျိုးစိတ်ပေါင်း သုံးရာကျော် ကျက်စားလျက်ရှိကြောင်း အင်းလေးကန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အင်းလေးကန်ဘေးမဲ့တောအတွင်း ဒီဇင်ဘာလအထိ ရေပျော်ငှက် မျိုးစိတ် ၉၇ မျိုး၊ သစ်တောငှက်မျိုးစိတ် ၂၆၅ မျိုး၊ စုစုပေါင်း ငှက်မျိုးစိတ် ၃၆၂ မျိုး ကျက်စားလျက်ရှိကြောင်း၊ မိုင်ထောင်ချီခရီးမှ လည်ပတ်သွားလာနေသော ဆောင်းခိုငှက်များသည်လည်း အင်းလေးကန်ဘေးမဲ့ တောအတွင်းသို့ ဆောင်းခိုရန် နှစ်စဉ်ရောက်ရှိကြပြီး ဒေသတွင်းအမြဲနေထိုင်လျက်ရှိသည့် ဌာနေငှက်များနှင့်အတူ နေထိုင်လျက်စားလျက်ရှိကြောင်း သိရသည်။
အင်းလေးကန်သည် ဒေသရင်း ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝခြင်း၊ ထူးခြားသည့် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအမွေအနှစ်များကြောင့် အာဆီယံအမွေအနှစ်ဥယျာဉ်၊ လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
နေမျိုးသူရိန်


