ညောင်ရွှေ ၂၉ မေ
အင်းလေးကန် ရေဝေရေလဲဒေသအတွင်း သစ်ပင်ပေါက်ရောက်မှု မရှိသော တောင်ကတုံးများတွင် သစ်စေ့မြေလုံး (Seed Ball) များ ဆူးထိုးစိုက်ပျိုးခြင်းကို မေ ၂၉ ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ် ကျေးပေါခုံကျေးရွာအုပ်စု ကျားတွန်ကျေးရွာအနီးရှိ အင်းလေးအနောက် ကြိုးပြင် ကာကွယ်တောအတွင်း၌ စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သစ်စေ့မြေလုံး (Seed Ball) များ ဆူးထိုးစိုက်ပျိုးခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် ဦးသိန်းဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးဇမ်ဆွမ်းခိုင်နှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများက သစ်ပင်ပေါက်ရောက်မှုနည်းပါးသည့် တောင်ကတုံးများတွင် ဘောစကိုင်း၊ ရေတမာ၊ အညာကုက္ကို သစ်စေ့မြေလုံး (Seed Ball) ၃၄၀၀၀ လုံးကို ဆူးထိုးစိုက်ပျိုးခြင်း၊ ဘောစကိုင်း၊ ဆူးဖြူ၊ ကုက္ကို၊ အော်ရေးရှားစသည့် သစ်စေ့များကို ကြဲပက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် စွမ်းအားမြှင့် အေဝမ်းမီးဖို အလုံး ၁၀၀ကို ဒေသခံပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်


