ညောင်ရွှေ   ၁၄   စက်တင်ဘာ     


ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ရေရှည်တည်တံ့ထိန်းသိမ်းရေးအတွက် အင်းလေးကန် ရေဝေရေလဲဒေသရှိ သစ်ပင်ပေါက်ရောက်မှုမရှိသည့် တောင်ကတုံးနေရာများတွင် သစ်စေ့မြေလုံး(Seed ball)များကို ရဟတ်ယာဉ်ဖြင့် ကြဲချစိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်၊ အင်းလေးဟိုတယ်ဇုန်ရှိ စက်လှေဆိပ်နေရာတွင် ပြုလုပ်ခဲသည်။


သစ်ပင်စိုက်ပျိုးပွဲဆောင်ရွက်ရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မြတို့က ဒေသခံပြည်သူများအား ယခုကဲ့သို့သစ်ပင်စိုက်ပျိုးရခြင်းနှင့် သစ်စေ့မြေလုံး(Seed ball) ပြုလုပ်ပုံများကို ရှင်းလင်းပြောကြားပြီး ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး များကို စတင်ကြဲချ စိုက်ပျိုးရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲဝင် ပြည်နယ်သယံဇာတနှင့်သစ်တောဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လျှပ်စစ် စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ ကြည့်ရှု အားပေးခဲ့ကြသည်။


အဆိုပါသစ်ပင်များစိုက်ပျိုးရာတွင် ညောင်ရွှေမြို့အရှေ့ဘက် လွယ်ခေါ့(အင်း)ရွာအနီး အင်းလေးအရှေ့သစ်တောကြိုးဝိုင်းအတွင်းရှိ အမြင့်(၅၉၇၇-ပေ)၊ ဧရိယာ(၁၁၄-ဧက)ရှိသောတောင် ကတုံး၊ ညောင်ရွှေမြို့အနောက်ဘက် အင်းနီကျေးရွာအနီး အင်းလေးအရှေ့သစ်တောကြိုးဝိုင်းအတွင်းရှိ အမြင့်(၆၆၀၂-ပေ)၊ ဧရိယာ(၉၂၆-ဧက)ရှိသော တောင်ကတုံးနှင့် ညောင်ရွှေမြို့အနောက်ဘက် ထီးလှိုင် ကျေးရွာအနီး အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောအတွင်းရှိ အမြင့်(၄၉၉၉-ပေ)၊ ဧရိယာ(၁၄၈၀ ဧက)ရှိသော တောင်ကတုံးနေရာများတွင် မယ်ဇလီ၊ မယ်ဇယ်၊ ကုက္ကိုလ်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ဘောစကိုင်း၊ ယင်းတိုက်၊ ဘုမ္မရာဇာ၊ စစ်၊ ယင်းမာ၊ စွယ်တော်၊ မန်ကျဉ်း၊ မန်ဂျန်ရှား၊ ချယ်ရီ၊ သစ်အယ်၊ အော်ရီရှား၊ နံ့သာဖြူ၊ ညောင်၊ ခါတော်မီ အစရှိသည့် မျိုးပေါင်း(၂၀)ပါရှိသော သစ်စေ့မြေလုံးပေါင်း (၁၄၆၂၉၇)လုံးအား ကြဲချစိုက်ပျိုးသွားမည်ဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှု၊ သစ်တောဦးစီးဌာန၏စီစဉ်ဆောင်ရွက်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးမှု၊ ထူးကုမ္ပဏီအုပ်စုများမှ ရဟတ်ယာဉ်ကူညီပံ့ပိုးမှုတို့ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

                                                                                                            စိုင်းအယ်ဘဲ(ညောင်ရွှေ)