တောင်ကြီး ၂၉  အောက်တိုဘာ

           

သစ်တောဦးစီးဌာနသည် အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေး စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်မှစတင်၍ ၂၀၄၉-၂၀၅၀ ဘဏ္ဍာနှစ်အထိ နှစ် ၃၀ စီမံကိန်းချမှတ် ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမ(၁၀)နှစ် စီမံကိန်းဖြစ်သည့် ၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၉-၂၀၃၀ ခုနှစ်အထိ ပထမ(၁၀)နှစ်စီမံကိန်း ဆောင်ရွက်မည့် အစီအစဉ်များအား ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ သစ်တောဦးစီးဌာနက ရှင်းလင်းတင်ပြခြင်းကို အောက်တိုဘာလ ၂၈ ရက်နေ့ (virtuai) အွန်လှိုင်းစနစ်ဖြင့် ဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

           

သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ရေဝေရေလဲအုပ်ချုပ်ရေးဌာနညွှန်ကြားရေးမှူး ဦးစိုးမြင့်ဦး က စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် က စီမံကိန်း၏ ရေရှည်မျှော်မှန်းရလဒ်မှာ အင်းလေးကန် ရေဝေ ရေလဲဒေသ ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်းလာစေပြီး အင်းလေးကန် ရေရှည်တည်တံ့စေလျက် ဒေသခံများ၏ လူမှုစီးပွားရေးအခြေအနေများ ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ကြောင်း၊ စီမံကိန်း၏ ပထမနှစ်ဖြစ်သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကနဦး လေ့လာဆန်းစစ်ခြင်းကို စတင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊စီမံကိန်းကို အင်းလေးရေဝေရေလဲ ဧရိယာအတွင်း ကျရောက်သည့်တောင် ကြီးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော တောင်ကြီး၊ ကလော၊ ရပ်စောက်၊ ညောင်ရွှေ၊ ဖယ်ခုံ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များဖြစ်သော ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များဖြစ်သော ရွာငံ၊ ပင်းတယ တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့သည်။

 

စိုင်းသန်းကျော်(တောင်ကြီး)