ညောင်ရွှေ ၂၈ နိုဝင်ဘာ
အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ဥယျာဉ်စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံချက် ရေးဆွဲရေး အထောက်အကူပြု ကနဦးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့ နန္ဒဝန်ဟိုတယ်၌ ကျင်းပကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်နှင့် ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မြတို့က အမှာစကား ပြောကြားသည်။ ထို့နောက် အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ဥယျာဉ်စီမံအုပ်ချုပ်လုပ်ကိုင်မှုရေးဆွဲမည့် အစီအစဉ်ကို ရှင်းလင်းတင်ပြပြီး အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်း၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယု၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးသန့်စင်အောင်တို့က ဥယျာဉ်စီမံအုပ်ချုပ်လုပ်ကိုင်မှုရေးဆွဲ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းဆွေးနွေးကြသည်။ ဆက်လက်၍ တက်ရောက်လာသူများက စီမံချက်ရေးဆွဲရေး အခြေခံအချက်များကို အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြသည်။
ဥယျာဉ်အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲရာမှာ အထောက်အကူပြုဖို့အတွက် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ လုပ်ငန်းများသတ်မှတ်ခြင်း၊ သဘာဝနယ်မြေအတွင်း ဂေဟဝန်ဆောင်မှုစနစ်များ ဆန်းစစ်ဖော်ထုတ်ခြင်း၊ သဘာဝနယ်မြေကို ခြိမ်းခြောက်နေသည့် အကြောင်းအချက်များ ဖော်ထုတ်ခြင်း၊ လူမှုစီးပွားဆိုင်ရာအချက်အလက်များ စစ်တမ်းကောက်ယူခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာအချက်အလက်များ စာရင်းကောက်ယူခြင်း၊ ဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အင်းလေးကန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောသည်။
အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် (၂၀၆.၀၇)စတုရန်းမိုင် ကျယ်ဝန်းပြီး သစ်တောငှက် (၂၆၁)မျိုး၊ ရေပျော်ငှက်(၉၅)မျိုး၊ ငါးမျိုးစိတ်(၆၀)မျိုး၊ လိပ်(၃)မျိုး၊ လိပ်ပြာ(၉၄)မျိုး၊ နို့တိုက်သတ္တဝါ(၉)မျိုး၊ ကုန်းနေရေနေသတ္တဝါ(၂၃)မျိုး၊ ဆေးဘက်ဝင်အပင်(၅၂၇)မျိုး၊ ရေညှိ ရေမှော် (၁၂)မျိုး၊ သစ်မျိုး(၁၀၈)မျိုး၊ ဝါး(၁၁)မျိုး၊ သစ်ခွမျိုး(၁၈၄)မျိုး ကျက်စားနေထိုင် ပေါက်ရောက်လျက် ရှိကြောင်း သိရသည်။
(နေမျိုးသူရိန်)