ညောင်ရွှေ    ၁၃    ဇန်နဝါရီ    

အာရှရေငှက်စာရင်း ကောက်ယူခြင်း (Asian Waterbird Census)လုပ်ငန်းကို အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အတွင်းရှိ အဓိကရေဝပ်ဒေသကြီးများဖြစ်သည့် အင်းလေးကန်၊ ဘီလူးချောင်း၊ စံကားအင်းနှင့် မိုးဗြဲဆည်(ဖယ်ခုံအင်း)တို့တွင် ဇန်နဝါရီ ၁၂ ရက်က ဆောင်ရွက်ခဲ့ ကြောင်း အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

‌ေ

 

“အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဧရိယာအတွင်းရှိ နယ်မြေလေးခုမှာ အဖွဲ့ လေးဖွဲ့ခွဲပြီး ငှက်စာရင်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ပါတယ်၊ ငှက်စာရင်းကောက်ယူရာမှာ ဒေသခံရေပျော်ငှက် မျိုးစိတ် ၁၉ မျိုး၊ ကောင်ရေ ၇၆၆၈ ကောင်၊ ဒေသပြောင်းရွှေ့ ရေပျော်ငှက် မျိုးစိတ် ၁၇ မျိုး၊ ကောင်ရေ ၅၆၀၃ ကောင်၊ ဒေသခံသစ်တောငှက် မျိုးစိတ် ၄၄ မျိုး၊ ကောင်ရေ ၁၉၁၁ ကောင်၊ ဒေသပြောင်းရွှေ့ သစ်တောငှက် မျိုးစိတ် ၁၁ မျိုး၊ ကောင်ရေ ၁၀၄ ကောင်တို့ကို စာရင်းကောက် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ထို့ပြင် အင်းလေးကန်ငှက်ကြည့်စင် ဧရိယာအတွင်းမှာ ရှားပါးရေပျော်ငှက်မျိုးစိတ်ဖြစ်တဲ့ ဘဲအုပ်စုမှ Bear’ Pochard (Aythya baeri) (CR) နှစ်ကောင်နဲ့ စံကားအင်းအတွင်းမှာ မျက်ခုံးဖြူရေငုံး White-browed Crake (Porzana cinerea) သုံးကောင်ကို မှတ်တမ်းသစ်အဖြစ် စာရင်းကောက်ယူ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်”ဟု အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောသည်။

အာရှရေငှက်စာရင်း ကောက်ယူခြင်းကို ရေငှက်များ၏ အရေအတွက်ကို ခန့်မှန်းနိုင်ရန်၊ ရေငှက်အကောင်ရေ ပြောင်းလဲမှုနှင့် ပျံ့နှံ့နေထိုင်မှုကို စောင့်ကြည့်လေ့လာရန်၊ လူသိနည်းသော ရေငှက်များ၊ မျိုးစိတ်များနှင့် ရေဝပ်ဒေသများအကြောင်း ပိုမိုသိရှိလာစေရန်နှင့် ရေငှက်များ၊ ရေဝပ် ဒေသများ၏ အရေးပါမှုကို နိုင်ငံတကာအဆင့်၊ နိုင်ငံအဆင့်နှင့် ဒေသအဆင့် ပိုမိုသိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။

 

‌ေ

 

အာရှရေငှက်စာရင်း ကောက်ယူခြင်းကို အာရှနိုင်ငံများနှင့် ဩစတေးရီးယားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံ၌ နှစ်စဉ် ဇန်နဝါရီလ ဒုတိယပတ်နှင့် တတိယပတ်တို့တွင် ဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံတွင် ရမ်ဆာဒေသများဖြစ်သည့် အင်းတော်ကြီးအင်း၊ အင်းလေးကန်နှင့် မိုးယွန်းကြီးအင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ရေငှက်များအတွက် အရေးကြီးထိန်းသိမ်းသင့် သည့် ပုလိပ်အင်းနှင့် ပျူကန်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်