ညောင်ရွှေ   ၁၃  အောက်တိုဘာ

 

အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီက ကြွချီပူဇော်ခံလျက်ရှိသည့် ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူသည် ယနေ့ (သီတင်းကျွတ်လပြည့်နေ့)တွင် မိုင်းပျိုးကျေးရွာ စံကျောင်းတော်သို့ ကြွချီပူဇော်ခံခဲ့ကြောင်း သိရသည်။

 

ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူကို နံနက် ၇ နာရီတွင် ကျိုင်းခမ်း ကျေးရွာစံကျောင်းမှ ကရဝိက်ဖောင်တော်ဖြင့် ရိုးရာဆွဲလှေ ၃၉ စီးက လှော်ခတ်ပင့်ဆောင်ခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မိုင်းပျိုး ကျေးရွာစံကျောင်းသို့ ရောက်ရှိပူဇော်ခံခဲ့သည်။

 

ဘုရားကြွချီရာ ရေလမ်းကြောင်းတစ်လျှောက်တွင် ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည် များက ဖူးမြော်ကြည်ညိုခဲ့သည့်အပြင် အင်းပေါခုံကျေးရွာ လှေယာဉ် အဖွဲ့မှလည်း လှေတော်သံ တေးကဗျာများကို သီဆိုတီးမှုတ်ကာ ဖောင်တော်ဦး မြတ်စွာဘုရားကို ပင့်ဆောင်ပူဇော်ခဲ့သည်။

 

သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သည့် အားလျော်စွာ ရပ်နီးရပ်ဝေးမှ ဘုရားဖူးခရီးသွား ဧည့်သည်များသည် မိုင်းပျိုးကျေးရွာသို့ အင်းလေးကန် အရှေ့ဖက်ကမ်းမှ မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ ရေလမ်းကြောင်းမှ စက်တပ်လှေဖြင့် လည်းကောင်း လာရောက်လျက်ရှိကြပြီး မိုင်းပျိုးကျေးရွာ စံကျောင်းတွင်လည်း ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ခရီးသွားဧည့်သည်များက ဆွမ်း၊ ရေချမ်း၊ ပန်း၊ ရွှေသင်္ကန်းများ ဆက်ကပ် လှူဒါန်းမှုများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

 

နေမျိုးသူရိန်(ပြန်/ဆက်)