ညောင်ရွှေ၊ ၂ ဒီဇင်ဘာ
အင်းလေးရေပေါ်ဈေး ပြန်လည်ပေါ်ထွန်းလာမှုကို စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုဗစ်-၁၉ အလွန် ကာလတွင် အင်းလေးကန်ဒေသ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖော်ဆောင်ရေး ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက အင်းလေးဒေသ ဟဲယာရွာမကျေးရွာရှိ Golden Moon စားသောက်ဆိုင်၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က အင်းလေးရေပေါ်ဈေး ပြန်လည် ပေါ်ထွန်းလာမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုး၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ဧည့်လမ်းညွှန်များအသင်း၊ ခရီးသွားလုပ်ငန်းအသင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ရေပေါ်ဈေး စနစ်တကျ ရေရှည်ဖွံ့ဖြိုးရေးနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် အင်းလေးကန်ဒေသ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖော်ဆောင်ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
အင်းလေးရေပေါ်ဈေးသည် ဆယ်စုနှစ် တစ်စုကျော် ပျောက်ကွယ်လျက်ရှိပြီး ယခုနှစ် အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ ဒေသခံရောင်းသူဝယ်သူများဖြင့် ပြန်လည်အသက်ဝင် စည်ကားလာကြောင်း၊ ဒေသထွက် အစားအစာ၊ ဟင်းသီးဟင်းရွက်အပါအဝင် ကုန်ပစ္စည်းများကို လှေပေါ်တွင် တင်၍ ရောင်းဝယ်ခဲ့ကြပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားရာ နေရာတစ်ခုဖြစ်ခဲ့ကြောင်း၊ နွေရာသီတွင် ရေလျော့နည်းမှုကြောင့် ရေပေါ်ဈေးအဖြစ် ရောင်းဝယ်မှုမပြုနိုင်ဘဲ ကုန်းမြေပေါ်သို့ ပြောင်းရွှေ့ရောင်းဝယ် ခဲ့ရကြောင်း၊ အင်းလေးရေပေါ်ဈေး ရေရှည်ဖွံ့ဖြိုးရေးအတွက် ဒေသခံများက မျှော်လင့်လျက်ရှိကြောင်း သိရသည်။
နေမျိုးသူရိန်


