နေပြည်တော် ၂၃ မတ်
အင်တာနက်ကွန်ရက် အသုံးပြု Video Conferencing ပုံစံဖြင့် ကျင်းပသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃၉/၂၀၂၀)ကို ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခု Video Conferencing သို့ ဆွေးနွေးတင်ပြညှိနှိုင်းရန် တက်ရောက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ကုသမှုအထောက်အကူပြုပညာရှင်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ အားလုံးသည် ပြည်သူများတွင် COVID-19 ရောဂါမရရှိစေရေးနှင့် ဖြစ်ပွားပါက ထိရောက်စွာ ကုသနိုင်ရေးအတွက် နေ့မအား ညမအား ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ Video Conferencing ပြုလုပ်ခြင်းဖြင့် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ချက်ချင်း ပံ့ပိုးနိုင်သည်ဖြစ်သည့်အတွက် မိမိတို့၏ လုပ်ငန်းများနှင့် ပြည်သူများအား ဝန်ဆောင်မှုပေးခြင်းကိစ္စများသည် ပိုမိုထိရောက်မည်မှာ သေချာပါကြောင်း။
ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၆) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွား မှုရှိနေပြီဖြစ်သည့်အပြင် နိုင်ငံတွင်းကူးစက်မှု ရှိနေသည့် အိမ်နီးချင်း နိုင်ငံနှင့် အခြားနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများသည် နိုင်ငံအတွင်းသို့ အစုလိုက် အပြု လိုက် ပြန်လည်ဝင်ရောက်လျက်ရှိသဖြင့် ရောဂါဝင်ရောက် ကူးစက်ဖြစ်ပွား နိုင်ချေသည် အလွန် မြင့်မားနေသည့် အခြေအနေ ဖြစ်နေပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတွင် ကပ်ရောဂါ ဝင်ရောက်ဖြစ်ပွားတော့မည် (imminent epidemic) ဟု သဘောထားကာ ဆက်လက်ကြိုးပမ်း ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာတစ်ဦးတွေ့ရှိပါက ကုသမှုပေးရန်၊ ရောဂါပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်ရန်တို့အတွက် လုပ်ငန်းအစီအစဉ်အဆင့်ဆင့်ကို နောက်ဆုံးရ ကုထုံး အချက်အလက်များနှင့်အညီ မွမ်းမံရေးဆွဲပြီးဖြစ်သည့်အတွက် ဆေးရုံများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေတော့မည်ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားကူးစက်ရာနိုင်ငံများမှ ပြည်တွင်းသို့ ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်ခြင်း ပြုလုပ်နိုင်ရန်အတွက် နေရာများကိုလည်း စီစဉ်လျက်ရှိရာ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ထံမှ ပူးပေါင်းပံ့ပိုးဆောင်ရွက်မှုများ ရရှိနေသဖြင့် အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းစနစ်တကျဆောင်ရွက်ရန်များစွာ အထောက်အကူ ဖြစ်လျက်ရှိပါကြောင်း၊ ရောဂါဖြစ်ပွားရာ နိုင်ငံများမှ ပြန်လာကြသူများ၊ ရောဂါရှိသူနှင့် ထိတွေ့ခဲ့သူများအား အသွား အလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းကို မိမိတို့ဝန်ကြီးဌာနမှ မဖြစ်မနေဆောင်ရွက်ခြင်းဖြင့် ရောဂါဝင်ရောက်ဖြစ်ပွားပျံ့နှံ့မှုရှိရန် အလားအလာနည်း သွားမည်ဖြစ်ပါကြောင်း၊ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားပြီး (၂) လကျော်ကြာ အချိန်၌ ရောဂါဖြစ်ပွားပြီး ကောင်းစွာ ထိန်းချုပ်နိုင်သော နိုင်ငံများ၏ အတွေ့အကြုံအရ (၁၄) ရက်တာ ကာလ အသွားအလာ ကန့်သတ်ခြင်း (quarantine) နည်းဗျူဟာသည် အလွန်ထိရောက်သည်ကို တွေ့ရှိရပါကြောင်း။
ထိုသို့ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရာတွင် ရောဂါကူးစက် ပြန့်ပွားမှု များပြားပြီး နိုင်ငံတွင်းကူးစက်မှုရှိသောနေရာဒေသ၊ နိုင်ငံများမှ ပြန်လာခြင်း၊ ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့ခြင်းနှင့် ရောဂါဖြစ်ပွားကူးစက်မှု နည်းပါးသော နိုင်ငံမှပြန်လာခြင်း စသည့် ကပ်ရောဂါဗေဒဆိုင်ရာ အချက်များအပေါ်မူတည်၍ (၁၄) ရက်တာကာလ သတ်မှတ် နေရာအဆောက်အဦများတွင်ထားရှိ အသွားအလာကန့်သတ်ခြင်း (facility quarantine) (သို့မဟုတ်) နေအိမ်တွင်ထားရှိ အသွားအလာကန့်သတ်ခြင်း (home quarantine) တို့ကို သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများအား တကွဲတပြားမဖြစ်စေဘဲ တစ်စုတစ်စည်းထဲ ဘတ်စ်ကားများဖြင့် သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပို့ဆောင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ပို့ဆောင်ရာတွင်လည်း ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများကို ခရီးစဉ် တစ်လျှောက်လုံး လိုအပ်သလို ဆောင်ရွက်နိုင်ရန်အတွက် လက်ကမ်းစာစောင် နှင့် ပိုစတာများ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ထိုသို့ဆောင်ရွက်နေခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ အကျိုးအတွက် ဆောင်ရွက်နေခြင်းဖြစ်သည်ကို နေရပ်ပြန်လာသူများနှင့် ပြည်သူများအားလုံးက သိရှိရန်လိုအပ်ပြီး၊ ထိုသို့ပြန်ရောက်လာသူများ အနေ ဖြင့်လည်း ကိုယ်တိုင် ရောဂါဖြစ်ပွား လာပါကလည်း ချက်ချင်းကုသမှုခံယူနိုင်ရေးနှင့် မိမိမှ မိမိ၏ မိဘ၊ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ခြင်းမျိုးမရှိစေရေးတို့အတွက် အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ပြုလုပ်ခြင်းကို တိကျစွာလိုက်နာ ဆောင်ရွက်ရန်မှာ အထူးအရေးကြီးပါကြောင်း၊
ထိုသို့လိုက်နာဆောင်ရွက်မှုရှိ၊ မရှိကိုလည်း သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက ရပ်ရွာနေ ပြည်သူများနှင့် ပူးပေါင်းကာ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါသည် အလွန်ကူးစက်ပြန့်ပွားမှု မြန်ဆန်သော ရောဂါဖြစ်ပြီး အီတလီနိုင်ငံကဲ့သို့ ဘက်စုံ ဖွံဖြိုးတိုးတက်မှု အကောင်းဆုံးသော နိုင်ငံမျိုးတွင်ပင် ရောဂါကို ထိန်းချုပ်ရန် အလွန်ခက်ခဲနေပြီး ရောဂါကြောင့် သေဆုံးမှုများ မြင့်မားများပြားလျက် ရှိသည်ကိုလည်း သတိပြုကြရန် လိုအပ်ပါ ကြောင်း၊ ရောဂါဖြစ်ပွားရာနိုင်ငံများမှ ပြန်ရောက်လာကြသူများအနေဖြင့် လူစုလူဝေးများ နိုင်သည့် အလှူပွဲကြီးများ ပြုလုပ်ပါက မြန်မာနိုင်ငံ ပြည်သူများထံသို့ ရောဂါကူးစက်ပြန့်ပွားစေရန် အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းနှင့် တူသဖြင့် မလုပ်ဆောင်ရန် မေတ္တာရပ်ခံအပ်ပါကြောင်း။
ရုပ်မြင်သံကြား၊ ရေဒီယို၊ အင်တာနက်တို့နှင့် အလှမ်းဝေးသော ကျေးလက်ဒေသများတွင် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များကို လက်ကိုင်အသံချဲ့စက်ငယ်များ အသုံးပြု၍ဖြန့်ဝေပေးပါက အလွန်အကျိုးရှိမည့် နည်းဗျူဟာတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများက ဤနည်းဗျူဟာအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေး ပြဿနာ၊ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုများသည် အထူးအရေးကြီး ပါကြောင်း၊ ထိုသို့ဖြစ်စေရေးအတွက် ဗဟို၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ဆေးရုံများအားလုံးမှ လုပ်ဆောင်နေမှုများနှင့် တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများမှ လုပ်ဆောင်နေမှုများ အားလုံးကို အပြန်အလှန်သိရှိ ဝေမျှကြရ မည်ဖြစ်ပါကြောင်း။
ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ အနေဖြင့် မိမိတို့ကျန်းမာရေးဝန်ထမ်းများအား တာဝန်ခွဲဝေချထားရာ၌ စနစ်တကျ သာတူညီမျှခွဲ ဝေခြင်း (proper and balanced division of labour) ကိုလုပ်ဆောင်စေလိုပါကြောင်း၊ ယနေ့မှ စတင်၍ ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဗဟိုဌာနများ လုပ်ငန်းဆောင်ရွက်နေပြီ ဖြစ်သဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ဆေးရုံများ၏ လိုအပ်ချက်များကို ပံ့ပိုးခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်းနှင့် စိန်ခေါ်မှု အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းခြင်းတို့ကို လုပ်ဆောင်နိုင်ပြီ ဖြစ်ပါ ကြောင်း၊ ဤ ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဗဟိုဌာနမှ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့က တိုင်းဒေသကြီး/ ပြည်နယ်များမှ ပေးပို့သော သတင်းအချက် အလက်များကို စောင့်ဆိုင်း လက်ခံသည်သာမက မိမိတို့ကိုယ်တိုင်က စတင်ဦးဆောင်၍ လိုအပ်ချက်နှင့် အခြေအနေများကို ဆက်သွယ်မေးမြန်းရမည် ဖြစ်ပါကြောင်း။
COVID-19 ရောဂါသည် အသစ်ပေါ်ပေါက်လာသော ရောဂါဖြစ်သည့်အတွက် ရောဂါဖြစ်ပွားမှုပုံစံ၊ ကူးစက်မှုပုံစံသည် အချိန်နှင့်အမျှ အမြဲပြောင်းလဲမှုရှိသည့် အပြင် မထင်မှတ်သော ဖြစ်ရပ်များ အချိန်မရွေးဖြစ်ထွန်းပေါ်ပေါက်သော သဘောရှိသည့်အတွက် ဤပေါင်းစပ် ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဗဟိုဌာနများ ဖွင့်လှစ်ဆောင်ရွက်ခြင်းမှာ ထိရောက်သော လုပ်ဆောင်မှုပင်ဖြစ်ပါကြောင်း ပြောကြားသည်။
Video conferencing အစည်းအဝေးတွင် ဗဟိုအဆင့် တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်း မာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်များ၊ တာဝန်ရှိသူများက နိုင်ငံတကာတွင် ရောဂါဖြစ်ပွားပျံ့နှံ့မှု၊ သေဆုံးမှု အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာတွင် နိုင်ငံတွင်းသို့ ဝင်ရောက်မှုများအား တင်းကျပ်သော စည်းမျဉ်း ချမှတ်ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက်ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းလိုအပ်ချက်များ၊ နိုင်ငံတကာမှ ကုထုံးဆိုင်ရာ လေ့လာတွေ့ရှိမှုနှင့် မိမိတို့နိုင်ငံအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ တစ်ကိုယ်ရည်ရောဂါကာကွယ် ရေးဝတ်စုံ (PPE) များ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှုနှင့် ယနေ့ ဖြန့်ဝေမည့် ကိစ္စရပ်များ၊ဆေးနှင့်ဆေးပစ္စည်းများ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှု၊ ထပ်မံလှူဒါန်းမည့် ဆေးနှင့်ဆေးပစ္စည်းများ၊ လက်သန့်စင်ဆေးရည်များနှင့် ပတ်သက်၍ အရည်အသွေး၊ အရေအတွက် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အစည်းအဝေးကို ခေတ္တရပ်နားပြီး ယနေ့၊ နေ့လယ်ပိုင်းတွင် ပြန်လည်စတင်ခဲ့ရာ လှူဒါန်းလက်ခံရရှိငွေများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ၎င်းတို့ကို ခွဲဝေချထားမှုများ၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် ဆက်သွယ်ရေးအရာရှိ (International Health Regulation (IHR) Focal Point) များနှင့် ချိတ်ဆက်သတင်းရယူမှုများ၊ COVID-19 ရောဂါကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများအတွက် ရယူသုံးစွဲနိုင်မည့် နိုင်ငံတကာရန်ပုံငွေများနှင့် ပတ်သက်၍ တင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေအကြံပြုဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


