အင်းတော်ကြီး  ၉  မတ်


နှစ်စဉ်ကျင်းပမြဲဖြစ်သော မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ အကြိမ် ၁၅၀မြောက် အင်းတော်ကြီးရွှေမဉ္ဇူ ရေလယ်ဘုရားပွဲတော်တွင် အရက်ဘီယာ၊ မူးယစ်ဆေးဝါးနှင့် လောင်ကစားရုံများ ပြုလုပ်ရောင်းချခွင့်မပြု၍ ရောင်းချသည်ကို တွေ့ရှိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း  အင်းတော်ကြီးဘုရား ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။


“ တပေါင်းလဆန်း (၈)ရက်နေ့မှ တပေါင်းလပြည့်နေ့ အထိ နှစ်စဉ်ကျင်းပမြဲဘုရားပွဲတော်ရက်တွေမှာ တစ်အချက်အနေနဲ့ အရက်ဘီယာနဲ့ပတ်သက်တဲ့ ကြော်ငြာကအစ ကပ်ခွင့်မပြုသလို ရောင်းချသုံးစွဲခွင့်မပြုပါဘူး။ နှစ်အချက်က-လောင်းကစားနဲ့ပတ်သက်တဲ့ ကစားနည်းမှန်သမျှ လုံးဝခွင့် မပြုပါဘူး။ နောက်ဆုံးတစ်ချက်က ပွဲဈေးဆိုင်ခန်းများ စည်းမျဉ်းဆွဲပေးထားတဲ့ သတ်မှတ်ဘောင်ထက် ကျော်လွန် ခင်းကျင်းရောင်းချ ခွင့်မပြုပါဘူး၊ ဘုရားပွဲတော်ရက်တွေမှာ အေးအေးချမ်းချမ်း နဲ့ ဘုရားဖူး အလည်လာ သူများကို စိတ်အနှောက်အယှက်မဖြစ်စေရန် တာဝန်အရ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ ဆုံးဖြတ်ချက်နဲ့ စီစဉ်ညွှန်ကြားရခြင်းဖြစ်တယ်။” ဟု မိုးညှင်းမြို့နယ် အုပ်ချူပ်ရေးမှူး ဦးရဲအောင်က ပြောသည်။

 

FB_IMG


ကချင်ပြည်နယ် အင်းတော်ကြီးဒေသရှိ အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း(၈)ရက်နေ့တွင် ပွဲတော်ဖွင့်ပွဲကို ဘုရားပွဲမုဒ်ဦးတွင် ချောင်းဝ ဆရာတော် ဘုရားကြီးအား အကြီးအမှူးပြုလျှက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ သာသနာရေးဦးစီးဌာနမှ အကြီးအကဲများ ဒေသခံများ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်၊ ခရိုင်မြို့နယ်အစိုးရဌာန တာဝန်ရှိသူများမှ တက်ရောက်ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။


အဆိုပါ ဘုရားပွဲတော်ရက်အတွင်း စက်လှေစီးသူများ အသက်အန္တရာယ်လုံခြုံရေးအတွက် စက်လှေ မောင်းနှင်သူများအား ပညာပေး သင်တန်းများပို့ချခဲ့ကြောင်းနှင့် ပွဲတော်ရက်အတွင်း ဘုရားဖူး မိဘပြည်သူများ စိတ်အေးချမ်းသာ လည်ပတ်ဘုရားဖူးနိုင်ရန်အတွက် လုံခြုံရေး ကူညီမှုအတွက် စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စည်းကမ်းမလိုက်နာသော ပွဲဈေးဆိုင်ခန်းယူရောင်းချ လုပ်ကိုင်သူများကို ထိရောက်စွာအရေးယူသွားမည်ဟု အင်းတော်ကြီးဘုရားပွဲတော်ကျင်းပရေးကော်မတီ ဦးစံရွှေမြင့်ထံ မှ သိရှိရသည်။


EPN

 

FB_IMG_