ကချင်ပြည်နယ် ၊ ဒီဇင်ဘာ ၁၈

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကြောင့် မြောက်ဝင်ရိုးစွန်းတွင်ကျက်စားလျက်ရှိသည့် ရေပျော်ငှက်များ ပူနွေးစိုစွတ်ရာ ကမ္ဘာ့နိုင်ငံများသို့ ယခင်နှစ်ထက်စော၍ ပျံသန်းဝင်ရောက်ကြလျက်ရှိရာ ယခုနှစ်တွင် မြန်မာနိုင်ငံ အင်းတော်ကြီးဘေးမဲ့အင်းသို့ ဆောင်းခိုငှက်များတဖွဲဖွဲဝင်ရောက်ကျက်စားလျက်ရှိသည်။

အင်းတော်ကြီးဘေးမဲ့အင်းသို့ စက်တင်ဘာလမှစ၍ ထူးခြားစွာဆောင်းခိုငှက်များ စောလျင်စွာဝင်ရောက်ခဲ့ရာ နိုဝင်ဘာလ၌ ဌာနေငှက်မျိုးစိတ် ၁၉ မျိုးတွင် ကောင်ရေ ၉၀၀၀ ကျော်နှင့် ဆောင်းခိုငှက်ရေပျော်မျိုးစိတ် ၃၀ ကျော်တွင် အကောင်ရေ ၁၇၀၀၀ ကျော်ဖြင့် စုစုပေါင်း ရေပျော်ငှက်မျိုးစိတ် (၄၉) မျိုးဖြင့် အကောင်ရေ ၂၆၀၀၀ ကျော် ဝင်ရောက်နားခိုလျက်ရှိရာ ဒီဇင်ဘာလတွင်လည်း ဆက်လက်ဝင်ရောက်လျက်ရှိသည်။

၂၀၂၁-ခုနှစ်၊ ဒီဇင်ဘာလတွင် အင်းတော်ကြီးဘေးမဲ့အင်းသို့ စစ္စလီငှက်(၄၀၀၀)ကျော်၊ ကြိုးကြာခေါင်းမဲ (၁၀၀၀၀) ကျော်၊ ဇင်ယော်ခေါင်းညို/ခေါင်းမဲ(၁၅၀၀)ကျော်၊ ဘဲနီစပ်(၁၅၀၀)ကျော်၊ ရေကြက်ဒုံ(၃၀၀၀)‌ကျော်၊ တောငန်း (၁၀၀၀)ကျော်နှင့် ဘဲဖြူနက်အကောင်ရေ(၄၀၀၀)ကျော်တို့ဖြင့် ထူးခြားစွာ ဆောင်းခိုငှက်များစွာဝင်ရောက်ခဲ့သ ည်။ အာဆီယံနိုင်ငံများ ရေပျော်ငှက်စာရင်းကောက်ယူမှုကို ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နှင့်(၉)ရက်တွင် စာ ရင်းကောက်ယူလေ့ရှိပြီး ထိုလသည် ကမ္ဘာ့ဆောင်းခိုငှက်အများဆုံးနှင့် မျိုးစိတ်မျိုးစုံတွေ့မြင်ရသောလ ဖြစ်သည်။

ထိုလတွင် အင်းတော်ကြီးဘေးမဲ့အင်းဝန်ထမ်းများနှင့် မိုးညှင်းတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ မန္တလေး သဘာဝ အခြေခံခရီးသွားလုပ်ငန်းအဖွဲ့များနှင့် မြစ်ကြီးနား၊ မန္တလေး၊ အင်းတော်ကြီးတို့မှ ငှက်ဝါသနာရှင်များစုပေါင်း၍ အာရှရေပျော်ငှက်စာရင်းကို ကောက်ယူမှုသည် ၂၀၁၆-ခုနှစ်မှစတင်၍ဆောင်ရွက်ခဲ့ရာ ယနေ့တိုင်ဖြစ်သည်။

ယမန်နှစ်ဆောင်းရာသီတွင် အင်းတော်ကြီးဘေးမဲ့အင်းသို့ ဆောင်းခိုငှက်မျိုးစိတ်(၅၀)ကျော်တွင် ကောင်ရေ(၃ ၀၀၀၀)ခန့် နားခိုကျက်စားလျက်ရှိပြီး ကမ္ဘာ့မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဘဲခေါင်းစိမ်း(၅)ကောင် နှင့် ဟင်္သာ(၄)ကောင်ခန့်ကိုတွေ့ရှိခဲ့ရာ ယခုနှစ်တွင် ထပ်မံတွေ့ရှိရန်အထူးသတိပြုဆောင်ရွက်လျက်ရှိသည်။ အင်းတော်ကြီးကန်သည် ၁၀၀ စတုရန်မိုင်ကျယ်ဝန်းပြီး အင်းနှင့်ဆက်စပ်ရေဝပ်ဧရိယာဖြစ်သော ရေဝေရေလဲ ကြိုးဝိုင်းတော ၂၁၄ ဒသမ ၇၆ စတုရန်းမိုင်ရှိသောကြောင့် စုစုပေါင်း ၃၁၄ ဒသမ ၆၇ စတုရန်းမိုင်တွင် ကမ္ဘာ့ဆောင်းခိုငှက်များနှင့် ဌာနငှက်များကျက်စားနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အင်းတော်ကြီးကန်၊ အင်းလေးကန်၊ မိုးယွန်းကြီးအင်း၊ မိန်းမလှကျွန်း၊ ရခိုင်ပြည်နယ်နံ့သာကျွန်းနှင့် မုတ္တမကွေ့တို့သည့် ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးအဖြစ်သတ်မှတ်ထားပြီး နံ့သာကျွန်းနှင့် မုတ္တအကွေ့တို့တွင် ကမ္ဘာ့ပေါ်တွင် ရှားပါးငှက်ကောင်ရေ ၆၀၀ ခန့် ကျန်ရှိသည့် ဘဲနုတ်သီးပုံသဏ္ဍာန်ရှိသော စပွန်းဘေးဆန်းဘိုက်ဗာ ရေပျော်ငှက်သည် အဆိုပါနေရာနှစ်ခု၌ ကောင်ရေ ၃၀ ၀ခန့် မြန်မာနိုင်ငံတွင် ဆောင်းခိုလျက်ရှိရာ နိုင်ငံအတွက် ဂုဏ်တင့်လျက်ရှိသည်။

“မြန်မာနိုင်ငံမှာအာဆီယံအမွေအနှစ်အဖြစ်သတ်မှတ်ထားတဲ့နေရာ(၈)ခုမှာအင်းတော်ကြီးကန်၊အင်းလေးကန်နဲ့ မိန်းမလှကျွန်းတို့ဟာ အာဆီယံအဆင့်ရေဝပ်‌ဒေသအဖြစ် သတ်မှတ်ထားတာပါ။ မြန်မာနိုင်ငံမှာ ဆောင်းခိုငှက်တွေနဲ့ ရေဝပ်ဒေသတွေရေရှည်တည်တံ့ဖို့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆောင်ရွက်နေပါတယ်။ ဘက်ပေါင်းစုံကထိန်း သိမ်းရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ လိုအပ်ချက်တွေတော့ရှိနေစဲပါ။ ဒီနှစ် ဆောင်းခိုငှက်ဝင်ရောက်မှု ယခင်နှစ်တွေထက်စောတယ်။ မနှစ်ကဆောင်းခိုငှက်မျိုးစိတ်(၅၅)မျိုး၊‌ ဒေသမျိုးရင်း (၂၉)မျိုးနဲ့ကောင်ရေ (၂၉၀၀၀) ကျော်ဝင်ရောက်ခဲ့ပါတယ်။ ဒီနှစ်ဇန်နဝါရီလဆိုရင် ငှက်မျိုးစိတ်အားလုံး စာရင်းကောက်ယူမှာပါ။ ကမ္ဘာ့ရှားပါးငှက်တွေ ဝင်ရောက်ခိုလုံကျက်စားရာ နေရာဖြစ်တဲ့အတွက် အင်းတော်ကြီးဒေသမှာရှိတဲ့ ဒေသခံတွေအနေနဲ့ နိုင်ငံရဲ့ အမွေအနှစ်တစ်ခုအဖြစ် ဂုဏ်ယူပြီး ပူးပေါင်းထိန်းသိမ်းဖို့ အရေးကြီးပါတယ်” ဟု အင်းတော်ကြီးကန်ဘေးမဲ့တော အုပ်ချုပ်ရေးမှုး ဦးမောင်ဝင် က ပြောကြားသည်။

ကမ္ဘာ့မြောက်ဝင်ရိုးစွန်းတွင် ဆောင်းရာသီ၌ အစာရေစာရှားပါးလာမှုကြောင့် အီကွေတာနှင့်နီးသောအပူပိုင်း ဒေသများသို့ ရေပျောငှက်များ ပြောင်းရွေ့ကျက်စားလေ့ရှိရာ ကမ္ဘာ့ငှက်ပျံသန်းရာလမ်းကြောင်း (၉)ကြောင်းဖြင့် ပျံသန်းရာ၌ မြန်မာနိုင်ငံသို့ အ‌ရှေ့အာရှ ဩစတြေးလျလမ်းကြောင်းနှင့် အာရှဗဟိုလမ်းကြောင်းတို့မှ  ဝင်ရောက်လျက်ရှိပြီး ထိုလမ်းကြောင်းနှစ်ခုပေါ်တွင် ကျရောက်သော နိုင်ငံများစုပေါင်း၍ ဆောင်းခိုငှက်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် အရှေ့အာရှဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းတွင် အဖွဲ့ဝင်အဖြစ်ပါဝင်လျက် ဆောင်းခိုငှက်များကို ပျံသန်းရာလမ်းကြောင်းအဖွဲ့ဝင် နိုင်ငံအနေဖြင့်လည်းကောင်း၊ ရမ်ဆာရေဝပ်ဒေသအဖွဲ့ဝင် နိုင်ငံအဖြစ်လည်းကောင်း ဆောင်းခိုငှက်များ ထိန်းသိမ်းကာကွယ်မှုကို ကမ္ဘာ့နိုင်ငံများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။

အင်းတော်ကြီးအင်းဘေးမဲ့တောတွင် သဘာဝကထွက်ရှိ‌သော သယံဇာတပေါ်တွင် မှီခိုမှုများလာပြီး ရွှေတူးဖော်မှုတို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ဇီဝနှင့်ရုက္ခထိခိုက်မှုကို ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်လျက်ရှိသည်။ အင်းတော်ကြီးဘေးမဲ့အင်းတွင် အောက်တိုဘာ(၁၀)ရက်နေ့သည် ဆောင်းခိုငှက်ကြိုဆိုပွဲ အခမ်းအနားများကို ကျင်းပလေ့ရှိပြီး မေလ(၁၀)ရက်တွင် ဆောင်းခိုငှက်များ နှုတ်ဆက်ပွဲကိုကျင်းပလေ့ရှိရာ ဒီဇင်ဘာလဆန်းပိုင်းတွင်လည်း အင်းတော်ကြီးဘေးမဲ့အင်းသို့ ဆောင်းခိုငှက်များ တဖွဲဖွဲဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ညိမ်းသူ (သတင်းစဉ် )

ဓာတ်ပုံ-ကနူး