မိုးညှင်း ၈ ဇွန်

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် နန့်မွန်းမြို့ မိုင်းနောင်ကျေးရွာ ရွာအလယ်ကိုဖြတ်၍ တောင်မှမြောက်သို့ ဖြတ်သန်းစီးဆင်းပြီး အင်းတော်ကြီးကန်အတွင်း စီးဝင်သည့်ချောင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ခေါင်းတုံးချောင်းရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် တာဝန်ရှိသူများက ဇွန် လ ၆ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာဝန်ကြီးနှင့်အဖွဲ့သည်မိုင်းနောင်ကျေးရွာမှ (၁)မိုင်ခန့်ကွာဝေးသည့် ခေါင်းတုံးချောင်းအထက်ပိုင်း နုန်းစစ်ကန်တည်ဆောက်ထားမှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ချောင်းရှင်းလင်းရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်ရှိမည့်အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ မိုင်းနောင်ကျေးရွာ ရွာလယ်တံတား အနီး ခေါင်းတုံးချောင်း တာပေါင်ထိန်းသိမ်းရေးဆောင်ရွက်လျက်ရှိသည့် နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ခေါင်းတုံးချောင်း ရှင်းလင်းရေးလုပ်ငန်းအဖြစ် ဘက်ဟိုးယာဉ် ၁၂စီးဖြင့် ချောင်းအရှည် ၂မိုင်ခွဲကို အကျယ် ပေ ၈၀၊ အနက် ၇ ပေကို ယာဉ်ပိုင်ရှင်များ၏ကုန်ကျစရိတ်ဖြင့် ယခုနှစ်မေလမှ စတင်ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။

           

ဆက်လက်၍ဝန်ကြီးနှင့်အဖွဲ့သည် ခေါင်းတုံးချောင်းမှ အင်းတော်ကြီးကန်အတွင်း စီးဝင်သည့် ချောင်းဝအခြေအနေများ၊ အင်းတော်ကြီးကန်ရေနည်းပါခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဒေါ်ပုလဲဓမ္မာရုံနှင့် ရွှေမဉ္ဖူရေလယ်ဘုရားအကြားသဲသောင် (ဒေသအခေါ်နတ်လမ်း)ဖြစ်ပေါ်လာမှု အခြေအနေများကို ကြည့်ရှုခဲ့ကြသည်။

 

ယခုနှစ်အတွင်း အင်းတော်ကြီးကန်ရေပြင်သည် မိုးရွာသွန်းမှုလျှော့နည်းလာခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းဖြစ်စဉ်များနှင့်အတူ ကန်ရေကမ်းစပ်အချို့နေရာများတွင် ကန်တိမ်ကောလာပြီး သဲသောင်ဖြစ်ထွန်းမှုများ ရှိလာကြောင်း သိရသည်။

 

မိုးရွာသွန်းမှုအခြေအနေမှာ ၂၀၁၆ခုနှစ်၂၀၁၈ခုနှစ်အထိ နှစ်စဉ်မိုးရွာသွန်းရက်ပေါင်း ၁၀ဝကျော်ရှိခဲ့ပြီး ပျမ်းမျှမိုးရေချိန်လက်မ ၆၀ခန့်အနိမ့်ဆုံးရွာသွန်းခဲ့ပြီး ၂၀၁၉ခုနှစ်အတွင်းမိုးရွာသွန်း ရက်၆၅ရက် မိုးရေချိန် ၄၈ဒသမ၈လက်မခန့် နှင့် ၂၀၂၀ပြည့်နှစ်ဇန်နဝါရီလမှမေလအထိ ၁၆ရက်သာမိုးရွာသွန်းပြီး မိုးရေချိန် ၆ဒသမ၆လက်မသာရွာသွန်းခဲ့ပြီး ကန်ရေအတိမ်အနက်မှာလည်း ယခုနှစ်မေလအတွင်း ကန်ရေအနက်ဆုံးနေရာတွင်ပေ၆၀ခန့်သာရှိပြီး နှစ်အစပိုင်းလများနှင့်နှိုင်းယှဉ်ပါက ၆ပေခန့် ကျဆင်းသွားကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းဇယားများအရ သိရသည်။

 

အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်ကြီးဖြစ်ပြီး ကန်နှင့်ပတ်ဝန်းကျင်ရှိ ကြိုးဝိုင်း၅ခုကို အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၂၀ဝ၄ ခုနှစ်တွင် သတ်မှတ်ဖွဲ့စည်းခဲ့သည်။

 

နိုင်ငံတကာအသိအမှတ်ပြုအဖြစ် ၂၀ဝ၃ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် လည်းကောင်း ၂၀၁၆ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသ အဖြစ်လည်းကောင်း၊ ၂၀၁၇ခုနှစ်တွင် လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ် လည်းကောင်း သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)