မိုးညှင်း ၇ ဇွန်

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ နန့်မွန်းမြို့မိုင်းနောင်ကျေးရွာ ရွာအလယ်ကိုဖြတ်၍ တောင်မှ မြောက်သို့ ဖြတ်သန်းစီးဆင်းပြီး အင်းတော်ကြီးကန်အတွင်း စီးဝင်သည့် ချောင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ခေါင်းတုံးချောင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် မိုင်းနောင်ကျေးရွာမှ(၁)မိုင်ခန့်ကွာဝေးသည့် ခေါင်းတုံးချောင်း အထက်ပိုင်း နှုန်းစစ်ကန် တည်ဆောက်ထားမှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ချောင်းရှင်းလင်းရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်ရှိမည့် အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး မိုင်းနောင်ကျေးရွာ ရွာလယ်တံတားအနီး ခေါင်းတုံးချောင်း တာပေါင် ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသည့် နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ခေါင်းတုံးချောင်း ရှင်းလင်းရေးလုပ်ငန်းအဖြစ် ဘက်ဟိုးယာဉ် ၁၂ စီးဖြင့် ချောင်းအရှည် ၂ မိုင်ခွဲကို အကျယ်ပေ ၈၀၊ အနက် ၇ ပေကို ယာဉ်ပိုင်ရှင်များ၏ ကုန်ကျစရိတ်ဖြင့် ယခုနှစ်မေလမှ စတင် ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ခေါင်းတုံးချောင်းမှ အင်းတော်ကြီးကန်အတွင်း စီးဝင်သည့် ချောင်းဝအခြေအနေများ၊ အင်းတော်ကြီးကန် ရေနည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဒေါ်ပုလဲ ဓမ္မာရုံနှင့် ရွှေမဉ္ဖူရေလယ်ဘုရားအကြား သဲသောင်(ဒေသအခေါ်နတ်လမ်း)ဖြစ်ပေါ်လာမှု အခြေအနေများ ကို ကြည့်ရှုခဲ့ကြသည်။

 

ယခုနှစ်အတွင်း အင်းတော်ကြီးကန်ရေပြင်သည် မိုးရွာသွန်းမှု လျှော့နည်းလာခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းဖြစ်စဉ်များနှင့်အတူ ကန်ရေကမ်းစပ်အချို့နေရာများတွင် ကန်တိမ်ကောလာပြီး သဲသောင်ဖြစ်ထွန်းမှုများ ရှိလာကြောင်း သိရသည်။

 

မိုးရွာသွန်းမှုအခြေအနေမှာ ၂၀၁၆ ခုနှစ် မှ ၂၀၁၈ ခုနှစ်အထိ နှစ်စဉ်မိုးရွာသွန်းရက်ပေါင်း ၁၀ဝကျော်ရှိခဲ့ပြီး ပျမ်းမျှမိုးရေချိန် လက်မ ၆၀ ခန့် အနိမ့်ဆုံးရွာသွန်းခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း မိုးရွာသွန်းရက် ၆၅ ရက်မိုးရေချိန် ၄၈ ဒသမ ၈ လက်မခန့်နှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ မေလအထိ ၁၆ရက်သာ မိုးရွာသွန်းပြီး မိုးရေချိန် ၆ ဒသမ ၆ လက်မသာရွာသွန်းခဲ့ပြီး ကန်ရေအတိမ်အနက်မှာလည်း ယခုနှစ်မေလအတွင်း ကန်ရေအနက်ဆုံးနေရာတွင် ပေ ၆၀ ခန့်သာရှိပြီး နှစ်အစပိုင်းလများနှင့် နှိုင်းယှဉ်ပါက ၆ ပေခန့် ကျဆင်းသွားကြောင်း အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ် ရေးမှူးရုံးမှ စာရင်းဇယားများအရ သိရသည်။

 

အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်ကြီးဖြစ်ပြီး ကန်နှင့်ပတ်ဝန်းကျင်ရှိ ကြိုးဝိုင်း ၅ ခုကို အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၂၀ဝ၄ ခုနှစ်တွင် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတကာအသိအမှတ်ပြုအဖြစ် ၂၀ဝ၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း ၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လူသားနှင့် ဇီဝအဝန်း နယ်မြေအဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(ပြန်/ဆက်)

 

mdn