မိုးညှင်း၊  ၁၃  ဒီဇင်ဘာ

မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီးဖြစ်သော အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဧရိယာအတွင်း ၂၀၁၉-၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွက်ရေပျော်ငှက် မျိုးစိတ်သစ်တစ်မျိုးနှင့် အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွက် ရေပျော်ငှက်မျိုးစိတ်သစ်နှစ်မျိုး စုစုပေါင်း မျိုးစိတ်သစ်သုံးမျိုးကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

"အရင်က အင်းတော်ကြီးကန်နဲ့ ဆက်စပ်ရေဝပ်ဧရိယာအတွင်း ရေပျော်ငှက် ၁၁၀ မျိုး တွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။၂၀၁၉-၂၀၂၀ ခုနှစ်မှာ ရေပျော်ငှက်မျိုးစိတ်အသစ်သုံးမျိုးထပ်တွေ့တော့ လက်ရှိအချိန်ထိ ရေပျော်ငှက်မျိုး ၁၁၃ မျိုးကို မှတ်တမ်းတင်ထားနိုင်ပြီဖြစ်ပါတယ်။ အသစ်တွေ့တဲ့ ရေညှောင့်၊ တောဘဲငန်း၊ တောင်ပံဖြူမြစ်တွေး ရေပျော်ငှက်မျိုးစိတ်သစ်သုံးမျိုးထဲမှာ ရေညှောင့်ငှက်ဆိုရင် အင်းတော်ကြီးဘေးမဲ့တောမှာ သာမက မြန်မာနိုင်ငံအတွက်လည်း မျိုးစိတ်အသစ်ဖြစ်တယ်။ နောက်ပြီး တောဘဲငန်းငှက်မျိုးစိတ်အသစ်ကို အရင်က မြန်မာနိုင်ငံ မြစ်ကြီးနားမြို့အနီး ဧရာဝတီမြစ်အတွင်း တွေ့ရှိတယ်ဆိုပြီးမှတ်တမ်းပဲရှိခဲ့တာ။ ဓာတ်ပုံ မှတ်တမ်းမရခဲ့ပါဘူး"ဟု အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းကပြော သည်။

အင်းတော်ကြီးဒေသတွင် ဆောင်းခိုငှက်များ မည်သည့်အချိန်တွင်စတင်ကျရောက်သည်၊ မည်သည့်အချိန်တွင် နောက်ဆုံးပြန်လည်ထွက်ခွာသည်နှင့် မည်သည့်မျိုးစိတ်အသစ်များလာရောက် ကျက်စားသည်တို့ကို သိပ္ပံနည်းကျ ကျလေ့လာမှတ်တမ်းတင်ရန်ရည်ရွယ်၍ စဉ်ရေပျော်ငှက်စာရင်းကောက်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆောင်းရာသီတွင် ကမ္ဘာ့မြောက်ဘက်ခြမ်းမှငှက်မျိုးစိတ်များသည် အီကွေတာနှင့်နီးရာ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အရှေ့အာရှနိုင်ငံများရှိ ရေဝပ်ဒေသများသို့ ဆောင်းခိုရန် ပြောင်းရွှေ့ကျက်စားလျက်ရှိရာ ကမ္ဘာပေါ် တွင်၎င်းတို့အသုံးပြုသော ငှက်များပျံသန်းရာလမ်းကြောင်း ကိုးခုရှိကြောင်း၊ အဆိုပါကိုးခုအနက်မြန်မာနိုင်ငံသည် ဗဟိုအာရှငှက် ပျံသန်းရာလမ်းကြောင်း(Central Asia Flyway)နှင့် အရှေ့အာရှ-သြစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်း(East Asia Australia Flyway) နှစ်ခုတွင် ပါဝင်ကျရောက်ကြောင်း၊ အရှေ့အာရှ-သြစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းပေါ်ရှိ ရေဝပ်ဒေသများအချင်းချင်းချိတ်ဆက်ပြီး ဆောင်းခိုငှက်များ ထိန်းသိမ်းရန် အတွက် အဖွဲ့ဝင်များဖွဲ့စည်းခဲ့ရာ အဖွဲ့ဝင်ရေဝပ်ဒေသအဖြစ် မြန်မာနိုင်ငံတွင်အင်းတော်ကြီးအပါအဝင် ခြောက်ခု (မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မုတ္တမပင်လယ် ကွေ့၊နံ့သာကျွန်းနှင့်မေယုမြစ်ဝ၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော)ရှိပြီဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

 

p553

 

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၀၄ ခုနှစ်က ဘေးမဲ့တောအဖြစ် အတည်ပြုသတ်မှတ်ခဲ့ပြီး အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း၌ မျိုးသုဉ်းရန်အန္တရာယ်နှင့်ကြုံတွေ့နေရသော ဒေသရင်း ဆောင်းခိုရေပျော်ငှက်မျိုးစိတ်များ၊ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသည့်ဒရယ်မျိုးစိတ်များ၊ ပရိုင်းမိတ်မျိုးစိတ်များ ဖြစ်သည့် အရှေ့ပိုင်းမျောက်လွှဲကျော်၊ Shortridge’s Langur မျောက်မျိုးစိတ်များ အတွက် အလွန်အရေးပါသည့် နေရာဒေသတစ်ခုဖြစ်နေ၍ နိုင်ငံတော်အဆင့်၊ ဒေသအဆင့်၊ ကမ္ဘာ့အဆင့် အရေးတကြီး ထိန်းသိမ်းရမည့် ဘေးမဲ့တောတစ်ခုဖြစ်ခြင်းကြောင့် ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အရှေ့အာရှ-သြစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းရှိ အရေးကြီး ရေဝပ်ဒေသအဖြစ် လည်းကောင်း၊၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့အဆင့် အရေးကြီးရမ်ဆာရေဝပ်ဒေသ အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင်ယူနက်စ ကိုအသိအမှတ် ပြုလူသားနှင့်ဇီဝအဝန်း နယ်မြေအစီအစဉ်အောက်ရှိ ဇီဝ အဝန်းနယ်မြေ အဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် Wetland Link international (Asia)-WLI Asia များအဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရကြောင်း အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှုးရုံးမှသိရသည်။

သတင်း-ပိန်းဇလုပ်သိန်းညွန့်

ဓာတ်ပုံ-အင်းတော်ကြီးဘေးမဲ့တော

 

IMG_8797_resized_20201202_043004504