မိုးညှင်း ၁၄ ဩဂုတ်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးမြို့တွင် တည်ရှိသည့် အင်းတော်ကြီးကန် ရေပြင်စောင့်ကြည့် လေ့လာခြင်းများကို လစဉ်နေရာ (၅) နေရာ၌ GPS အမှတ်များ သတ်မှတ်ပြီး တိုင်းတာဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဇူလိုင်လအထိ ကန်ရေအရည်အသွေးမှာ ကောင်းမွန်လျက်ရှိကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းထံမှ သိရသည်။
ကန်ရေပြင်၏ လက်ရှိအခြေအနေနှင့် ပြောင်းလဲလာမှုကို စနစ်တကျ မှတ်တမ်းနိုင်ပြီး နှစ်အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲရာတွင် အထောက်အကူရရှိစေရန်၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ရွှေလုပ်ငန်းများတွင် အသုံးပြုသည့် ဓါတုဆေးဝါးများ အညစ်အကြေးများ ကန်အတွင်းကျရောက်မှု အခြေအနေမှန်ကို သိရှိနိုင်ပြီး ဒေသခံပြည်သူများသို့ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရန်၊ ကန်ထိခိုက်ပျက်စီးမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် နုန်းစစ်ကန်များ တည်ဆောက်ရာတွင် အထောက်အကူရရှိစေရန် စသည့်ရည်ရွယ်ချက်များနှင့် လစဉ်နေရာ ၅ နေရာတွင် ကန်ရေပြင် အတိမ်အနက်ကို ဖောက်ထွင်းမြင်နိုင်စွမ်း PH Level တိုင်းတာခြင်း၊ ရေအပူချိန်နှင့် အောက်ဆီဂျင် ပါဝင်မှုနှုန်းများ စသည့်အချက်များကို တိုင်းတာခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါတိုင်းတာခြင်းများကို ၂၀၁၆ ခုနှစ်မှစတင်၍ လစဉ်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် ဇူလိုင်လနှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ကာလတူ ကန်ရေအရည်အသွေးမှာ သိသာစွာ ပြောင်းလဲခြင်းမရှိဘဲ PH Level မှာ ၇ ဒသမ ၅ မှ ၇ ဒသမ ၈ ဝန်းကျင်အတွင်းသာ ရှိပြီး ကန်ရေပြင် အတိမ်အနက်မှာ မိုးရွာသွန်းမှုအပေါ်လိုက်ပြီး ပြောင်းလဲလျက်ရှိသည်။
ရေကိုဖောက်ထွင်းမြင်နိုင်စွမ်းမှာ၂၀၁၈ ခုနှစ် ကာလတူထက် ရေကြည်လင်ခြင်း ပိုမိုကောင်းမွန်ပြီး အောက်ဆီဂျင်ပါဝင်မှုနှုန်းသည် ၂၀၁၈ ခုနှစ် ကာလတူထက် အောက်ဆီဂျင်ပါဝင်နှုန်း လျော့နည်းလာကြောင်း သိရပြီး ကန်ရေပြင် အပူချိန်သည် ၂၀၁၈ ခုနှစ်ကာလတူလနှင့် သိသာစွာ ကွာခြားမှုမရှိကြောင်း သိရသည်။
"အင်းတော်ကြီးကန်ပတ်ဝန်းကျင်မှာရှိ တဲ့လယ်တွေဟာ စိုက်ပျိုးရေးသုံး ဆေးဝါးတွေ သုံးစွဲမှု လျော့နည်းလာတာရယ် စက်ယန္တရားတွေသုံးပြီး ရွှေမျှောလုပ်ကိုင်ကိုင်မှုတွေ လျော့နည်းလာတဲ့အတွက် ကန်ထဲကို နှုန်းနဲ့ ဓါတုဆေးဝါးတွေ ပို့ချမှု လျော့နည်းလာတာရယ်ကြောင့် ကန်ရေအရည်အသွေးဟာ ပြောင်းလဲမှု မရှိဘူး။ အခုဆိုရင် ကန်ပတ်ဝန်းကျင်က တောင်သူတွေဟာ သဘာ၀မြေဩဇာဆေးဝါး အသုံးပြုပြီး စိုက်ပျိုးတာကို တော်တော်စိတ်ဝင်စားလာတယ်။ ၂၀၁၆ ခုနှစ်မှာ ဧက ၁၀ဝ လောက်ဘဲ သြဂဲနစ်ဆေးဝါး အသုံးပြုစိုက်ပျိုးရာကနေ အခုနှစ်ဆိုရင် ဧက ထောင်ချီစိုက်ပျိုးလာပြီ ကျွန်တော်တို့က FFI နဲ့ပေါင်းပြီး နည်းပညာနဲ့ငွေကြေးအကူအညီတွေပါပေးနေတယ် "ဟု အင်းတော်ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးမှူးက ပြောသည်။
အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်ကြီးဖြစ်ပြီး ကန်နှင့်ပတ်ဝန်းကျင်ရှိ ကြိုးဝိုင်း ၅ ခုကို အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ၂၀ဝ၄ ခုနှစ်တွင် သတ်မှတ်ဖွဲ့ဆည်းခဲ့သည်။
၂၀ဝ၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၆ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသ အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လူသားနှင့်ဇီဝအဝန်း နယ်မြေအဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


