နေပြည်တော် မေ ၁၃

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍသည် အလွန်အရေးကြီးသည့် အခြေခံ တစ်ရပ်ဖြစ်သည်။ ပညာရေးကပင် လူ့စွမ်းအားအရင်းအမြစ်များကို တိုးတက်စေပြီး စီးပွားရေး၊လူမှုရေး၊ နည်းပညာနှင့် နိုင်ငံရေးကဏ္ဍများ အားလုံးကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ကာ နိုင်ငံ၏ အနာဂတ်ကို တည်ဆောက်ပေးနိုင်သော အင်အားတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာ အသုံးချနိုင်စေရန်နှင့် လာမည့်ကျောင်းဖွင့်ရာသီတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး တပ်မတော်သားများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

သို့ရာတွင် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့် အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် စာသင်ကျောင်းများအား အဝေးမှလက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ မေ ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်း (ခွဲ) (အောင်ဇေယျ) ၌ ဆရာ ဆရာမများနှင့် ရုံးအဖွဲ့များက ကျောင်းဖွင့်ရာသီတွင် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံခြင်း၊ စာသင်ခန်းများနှင့် သင်ထောက်ကူပစ္စည်းများ စနစ်တကျရှိစေရေးစသည့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ ၄၅ မိနစ်ချိန်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက အင်းတော်မြို့၏ အနောက်ဘက် မီတာ ၂၆၀၀ ခန့်အကွာမှနေ၍ FPV Suicide Drone နှစ်စင်းဖြင့် ပစ်လွှတ် တိုက်ခိုက်ခဲ့ရာ ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ကာ မူလတန်းကျောင်းအုပ် ဆရာ တစ်ဦးနှင့် ရုံးဝန်ထမ်း နှစ်ဦးတို့တွင် ဗုံးစထိမှန်၍ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သဖြင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားသည့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်ပြီး အဆိုပါအကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်