အင်းတော် ၁၈ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့အဝင် အောင်မေတ္တာရပ်ကွက် တရားမဝင်သံလမ်းကူးတွင် နိုဝင်ဘာ ၁၈ ရက် နံနက် ၁ဝ နာရီ မိနစ် ၄၀ ခန့်က အစုန်ပါဆယ်ရထားနှင့် အိမ်စီးကားတိုက်မှုဖြစ်ပွားခဲ့သဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း အင်းတော်မြို့မရဲစခန်းက သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က အင်းတော်ဘူတာရုံပိုင်းကြီး ဦးဌေးလွင် (၅၂)နှစ် တာဝန်ဆောင်ရွက်နေစဉ် အင်းတော်ဘူတာအဝင် တရားမဝင်သံလမ်းကူးနေရာတွင် အစုန်ပါဆယ်ရထားနှင့် အိမ်စီးကားတိုက်မိကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က နဘားဘူတာမှ ထွက်ခွာလာသော အစုန်ပါဆယ်ရထား စက်ခေါင်းအမှတ် D-1343 အစုန်ပါဆယ်ရထားကို စက်ခေါင်းမောင်း ဦးဘဆွေနှင့် လက်ထောက် ဦးမျိုးမြင့်ကျော်၊ ရထားထိန်း ဦးဝင်းမြင့်တို့ တာဝန်ယူမောင်းနှင်လာသော အဆိုပါရထားသည် အင်းတော်မြို့အဝင် အောင်မေတ္တာရပ်ကွက်တွင် နံနက် ၁ဝ နာရီ မိနစ် ၄၀ ခန့်က ယာဉ်အမှတ် YGN/7D-xxxx ADVAN အဖြူရောင်ယာဉ်မှ(စိစစ်ဆဲ) ယာဉ်မောင်းမျိုးဝင်း (၄၉)နှစ် ဂွေ့ကြီးကျေးရွာ၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ အင်းတော်မြို့နယ်နေသူ မောင်းနှင်လာသည့်ယာဉ်မှ တရားမဝင် သံလမ်းကူးနေရာတွင် မဆင်မခြင် ဖြတ်သန်းမောင်းနှင်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်မှာ ကာလတန်ဖိုး (၁၅၀၀၀၀)ကျပ်ခန့် ပျက်စီးခဲ့ပြီး ကုန်ရထားတွင် ROCK တံ (၃)ချောင်း ကာလတန်ဖိုး (၄၅၀၀၀၀)ကျပ်ခန့် ပျက်စီးခဲ့ကြောင်းနှင့် ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ မဌေးဌေးဆွေ (၃၈)နှစ် ဂွေ့ကြီးကျေးရွာ အလယ်ကျွန်းကျေးရွာအုပ်စု အင်းတော်မြို့နယ်မှာ ဝဲမျက်ခုံးပွန်းခြစ်ဒဏ်ရာ၊ ဝဲတံတောင်နာကျင်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းမျိုးဝင်း (၄၉)နှစ် ဂွေ့ကြီးကျေးရွာ အလယ်ကျွန်းကျေးရွာအုပ်စု အင်းတော်မြို့နယ်နေသူအား အင်းတော်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
နီတိုး(၀၇၈)