အင်းတော်မြို့၌ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကျင်းပ

အင်းတော်  နိုဝင်ဘာ ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါစက်ရုံရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် အင်းတော်မြို့နယ် အောက်ဆီဂျင် စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဌ ဦးမောင်မောင်က ကိုဗစ်-၁၉ ရောဂါကြောင့် အင်းတော်မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်မှုများရှိခဲ့သဖြင့် အောက်ဆီဂျင် လိုအပ်ချက် များ ဖြည့်ဆည်းနိုင်ရေးအတွက် ထီးချိုင့်မြို့နယ် မောင်းကုန်းဒေသ နီကယ်စက်ရုံတွင် အောက်ဆီဂျင်အိုးများကို သွားရောက်သယ်ဆောင်ခဲ့ရပါကြောင်း၊ နီကယ်စက်ရုံမှ ဖြန့်ဝေလှူဒါန်းပေးသော အောက်ဆီဂျင်ခွဲတမ်းမှာ လည်း မိမိတို့ အင်းတော်မြို့နယ်အတွက် လုံလောက်မှုမရှိခဲ့ပါကြောင်း သို့ဖြစ်ပါ၍ အင်းတော်မြို့ပေါ်ရှိ ဆရာတော်ကြီးများ၊ မြို့မိ မြို့ဖများ ဦးဆောင်၍ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အလှူငွေများလက်ခံခြင်း၊ အောက်ဆီဂျင်စက်ဝယ်ယူခြင်း၊ စက်ရုံတည်ဆောက်ခြင်း၊ ထရန်စဖော်မာ တည်ဆောက်ခြင်းများကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည့်အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ကုန်တွင် တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ တည်ဆောက်ပြီးစီးပြီးသည့်နောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်၍ ( ၉၅ ရာခိုင်နှုန်း ) သန့်စင်သော အောက်ဆီဂျင်များကို အခမဲ့ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်အောင်မြင်ခဲ့ပြီးနောက် စက်ရုံ ရေရှည်တည်တံ့ ခိုင်မြဲရေး အောက်ဆီဂျင်များ ပုံမှန်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း အင်းတော်မြို့ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြသော တာဝန်ရှိသူများ၊ အလှူရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

အဆိုပါ အောက်ဆီဂျင်စက်ရုံအား အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းနိုင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးအောင်နိုင်ဦးနှင့် ဦးအောင်မြင့်နိုင်၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ကျော်ကျော်ဇင်၊ အလှူရှင်များဖြစ်သည့် ဦးကျော်ဦး၊ ဒေါ်ဆယ်၊ အောက်ဆီဂျင် စက်ရုံ ဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးမောင်မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

 

အင်းတော်မြို့နယ်အနေဖြင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရာတွင် အလှူရှင်များ၏ စုစုပေါင်း လှူဒါန်း ငွေကျပ်သိန်း နှစ်ထောင်ကျော်ရရှိခဲ့ပြီး စက်ရုံတည်ဆောက်မှုနှင့် အခြားအသုံးစရိတ်အဖြစ် ငွေကျပ် သိန်းတစ်ထောင့်နှစ်ရာကျော် သုံးစွဲခဲ့ကာ ရေရှည်အသုံးပြုနိုင်ရန် ရန်ပုံငွေကျပ်သိန်း ခုနှစ်ရာကျော် စုဆောင်းထားရှိပြီးဖြစ်ကြောင်း သိရသည်။

ကျော်သီဟ(ပြန်/ဆက်)