အင်းတော်  ၁၀ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို- မြစ်ကြီးနား ကားလမ်း အင်းတော်မြို့နယ် နဘားကျေးရွာအနီးရှိ ၂၃၀ ကေဗွီ နဘား ပင်မဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းသည် တာပိန်(၁)ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို သယ်ပို့ပြီး နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်ရန်နှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ဖြန်ဖြူးပေးနိုင်ရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ် လာမည့်အောက်တိုဘာလအတွင်း စီမံကိန်းကို အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းတန်နှင့် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဇွန် ၉ ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

"ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနေတဲ့ အိမ်ထောင်စုအရေအတွက်က ရာခိုင်နှုန်းအားဖြင့် နည်းနေပါသေးတယ်။ ဒါကြောင့် လာမယ့် ၂၀၃၀ မှာ တစ်နိုင်ငံလုံး မီးလင်းဖို့ စီမံကိန်းတွေလည်း ချမှတ်ဆောင်ရွက်နေပါတယ်။ မဟာဓာတ်အားလိုင်းကရော၊ ဓာတ်အားလိုင်းနဲ့ဝေးတဲ့ဒေသတွေဆို ဆိုလာစနစ် တွေနဲ့ရောပေါ့။ ဓာတ်အားသုံးစွဲမှုကလည်း အခုဆို ၃၀ ရာခိုင်နှုန်းထိ တိုးတက်လာနေတော့ ခုလိုခွဲရုံတွေ ထပ်တည်ဆောက်ပြီး ဓာတ်အားလိုင်းကတစ်ဆင့် ဓာတ်အားတွေ တိုးတက်ဖြန့်ဖြူးနိုင်အောင် ဆောင်ရွက်နေပါတယ်" ဟု တာဝန်ရှိသူတစ်ဦးကပြောပြသည်။

 

ဗန်းမော် ပင်မဓာတ်အားခွဲရုံတည်ဆောက်ခြင်း၊ နဘား ပင်မဓာတ်အားခွဲရုံတည်ဆောက်ခြင်းနှင့် ၂၃၀ ကေဗွီ ဗန်းမော်-နဘား ဓာတ်အားလိုင်း (၇၅)မိုင် တည်ဆောက်ခြင်းတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ UREC ကုမ္ပဏီမှ လည်းကောင်း၊ ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း(၁၈၀)မိုင်နှင့် ရွှေဘို ပင်မဓာတ်အားခွဲရုံအသစ်တည်ဆောက်ခြင်း၊ အုန်းတောပင်မ ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ CCPG ကုမ္ပဏီမှလည်းကောင်း တည်ဆောက်လျက်ရှိရာ စီမံကိန်းလုပ်ငန်းများအားလုံးကို ၂၀၁၉ ခုနှစ် အောက်တိုဘာအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 

ကိုမင်း(အင်းတော်)