အင်းတော်မြို့နယ်အတွင်းမှ တရားမဝင် သယ်ဆောင်လာသော နွားခြောက်ကောင် ဖမ်းမိခဲ့

အင်းတော် ၁၅ ဖေဖော်ဝါရီ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊အင်းတော်မြို့နယ် တုံးတော်ကျေးရွာအနီးမှ တရားမဝင် နွားများသယ်ဆောင်လာသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် အင်းတော်မြို့နယ်၊ မော်တိတ်နယ်မြေ ရဲကင်းစခန်းမှူး ရဲအုပ် စိုးနိုင်အောင် ဦးစီးသောရဲတပ်ဖွဲ့ဝင်များသည် အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်သက် အနီးကပ် ကြီးကြပ်၍ သက်သေများနှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် အင်းတော်မြို့နယ်၊တုံးတော်ကျေးရွာ အနီး မသင်္ကာဖွယ် လူသုံးဦး၊ နွား(၆)ကောင်နှင့်အတူ တွေ့ရှိရ၍ စစ်မေးရာ အဆိုပါနွားများသည်နယ်ကျော်သယ်ဆောင်ခဲ့ပြီး ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ ကချင်ပြည်နယ်သို့ ပို့ဆောင်မည့်နွားများဖြစ်ကြောင်း သိရှိရသဖြင့် နွားများ တရားမဝင်သယ်ဆောင်လာသူ မိုးညှင်းမြို့နယ်၊ သာယာကုန်းကျေးရွာနေ ဖိုးတွတ်၊ စက်ရွှေနှင့် ဖုန်းကျော်တို့ သုံးဦးအား မော်တိတ်နယ်မြေ ရဲကင်းစခန်းမှ ဥပဒေအရအရေးယူ ဆောင်ရွက်ထားကြောင်း ရဲအုပ်စိုးနိုင်အောင်ထံမှ သိရှိရသည်။


လူအောင်(ကသာ)