အင်းတော်  ၇  ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်အတွင်းရှိ (Village Revolving Fund Project- VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၆) ရွာသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

Covid-19 ကပ်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွား ထိခိုက်မှုများဖြစ်ပေါ်နေပြီး လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အသေးစားစီးပွားရေးလုပ်ကိုင်နေသူများ အနေဖြင့် စီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများ လိုအပ်သည်များကို ပြန်လည်ကုစားနိုင်ရေးအတွက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project- VRFP) စီမံကိန်းကို နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် (VRFP) စီမံကိန်းကို ကူးကာကျေးရွာ၊  စဉ်ခိုးကျေးရွာ၊ စင့်ဟောက်ကျေးရွာ၊ အင်းရွာကျေးရွာ၊ တားဖလာကျေးရွာ၊ လယ်ပြင်ကျေးရွာများတွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများအနေဖြင့် ကျေးရွာအတွင်းရှိ အိမ်ခြေ အနည်းအများအလိုက် ရန်ပုံငွေများရရှိမည်ဖြစ်ပြီး ကျေးရွာအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကျေးရွာကုန်ထုတ်လုပ်ငန်း၊ အသေးစားရောင်းဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းနိုင်က ပြောပြခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် အင်းတော်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းတန်တို့က အမှာစကားများပြောကြားခဲ့ပြီး အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးက (VRFP) စီမံကိန်း အကြောင်းကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် စီမံကိန်းဆောင်ရွက်မည့်ကျေးရွာ(၆) ရွာအား (VRFP) စီမံကိန်းရန်ပုံငွေ ကျပ်သိန်းတစ်ထောင့်ခုနှစ်ရာအား သက်ဆိုင်ရာ ကျေးရွာများသို့ အသီးသီးပေးအပ်ခဲ့သည်။ ၎င်းနောက် စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများကိုယ်စား အင်းရွာကျေးရွာ(VRFP)စီမံကိန်းကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။

 

မြို့နယ်(ပြန်/ဆက်)