အင်းတော် ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အင်းတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပြိုင်ပွဲများ ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းတစ်ပါးနယ်ချဲ့ ဩဇာခံလက်အောက်မှ လွတ်မြောက်ခဲ့သည်မှာ (၇၄)နှစ်ပြည့်မြောက်ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့သည်ကို အမှတ်ရနေစေရန်အတွက် လည်းကောင်း၊ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းပေးခဲ့ကြသော မျိုးချစ်သူရဲကောင်းများအားလည်း ဂုဏ်ပြုအမှတ်ရနေစေရန်အတွက် လည်းကောင်း ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ပြိုင်ပွဲတွင် အင်းတော်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၀)တို့က ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို အင်းတော်မြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟနှင့် အင်းတော်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတာဝန်ခံ ဒေါ်ခင်စန်းလှတို့က ဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်သီဟ