မော်လူး၊ ၃ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခွဲခန့်အကွာ လွဲမုတ်ချောင်းဖျားရှိ နတ်တံခါးကျောက်တောင်ပေါ်၌ သစ်ပင်ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းရာမှ သဘာဝကျောက်ဖြစ်ရုပ်ကြွင်း ရုပ်ပွားတော်မြတ် (ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် သဏ္ဌာန်တူ)အား တွေ့ရှိခဲ့ရကြောင်း ဘုရားဂေါပကအဖွဲ့ဝင် ဦးတင်ဦး၏ ပြောပြချက်အရ သိရသည်။
"မော်လူးမြို့နဲ့ တစ်မိုင်ခန့်အကွာ ကရင်ကျေးရွာမှတစ်ဆင့် အရှေ့ဘက်ကို တောလမ်းအတိုင်း သွားရပါမယ်။ လမ်းခရီးတစ်လျှောက်မှာ ‘နတ်တံခါးတောင်သို့’ အညွှန်းပြစာတန်းနဲ့ ၁၀ နေရာကျော်ကို ပြသထားလို့ သဘာဝထိုင်တော်မူ ကျောက်ဘုရားကို လွယ်ကူစွာ ရောက်ရှိ နိုင်ပါတယ်" ဟု ဂေါပကအဖွဲ့ဝင် ဦးအောင်ဝင်းက ပြောပြသည်။
နတ်တံခါး ကျောက်တောင်သို့ နေ့စဉ် ဆိုင်ကယ်၊ သုံးဘီး၊ မော်တော်ယာဉ်ငယ်များဖြင့် ဘုရားဖူးလာသူ ၂၀၀ ခန့်ရှိကြောင်း၊ မော်လူးမြို့ပေါ်မှ စေတနာရှင်များ၊ ဘုရားဖူး လာရောက်သူများက ကွန်ကရစ်လှေကားကိုပြုပြင်ခဲ့ပြီး မီးစက်နှင့် ယာယီရွက်ဖျင်တဲများထိုး၍ စေတနာရှင်များ စုပေါင်းကောင်းမှုဖြင့် စတုဒိသာထမင်းဟင်းလျာများကို နေ့စဉ် ကျွေးမွေး လျက်ရှိကြောင်း၊ အဆိုပါ ကျောက်တောင်ဘုရားမှာ ယခင်ကတည်းက ရှိခဲ့သော်လည်း မော်လူးမြို့ မင်းချမ်းသာရပ်ကွက်နေ ဦးတင်ဦးက ၎င်းလုပ်ကိုင်သည့် လယ်ယာမှ မိုင်ဝက်ခန့် အကွာရှိ ကျောက်တောင်သို့ လွန်ခဲ့သော ငါးလခန့်က မိုးပျားဖွတ်ရန်နှင့် ဟင်းရှာဖွေရန်အတွက် ပျားအုံများရှိနိုင်သည့် လွဲမုတ်ချောင်းဖျားရှိ သစ်ပင်ချုံနွယ်များ အုံ့ဆိုင်းနေသည့် အဆိုပါ ကျောက်တောင်သို့ တက်ရောက်ရှာဖွေခဲ့ရာ သဘာဝထိုင်တော်မူ ကျောက်ဆင်းတုတော် (သဏ္ဌာန်တူ)နှင့် ဘေးအနီးတွင် နဂါးတစ်ကောင်ဦးခိုက်နေပုံကို တွေ့ရှိခဲ့ရာမှ ကြည်ညိုသဒ္ဓါ စိတ်ဖြစ်ကာ ကရင်၊ ဟဲနု၊ မော်လူးမှ ညီအကိုမောင်နှမနှင့် မိတ်ဆွေများကို အသိပေး အကြောင်းကြားခဲ့ရာမှတစ်ဆင့် ယခုလို လူသိများ လာခဲ့ရခြင်းဖြစ်ကြောင်း၊ တစ်လအတွင်း အလှူခံရရှိငွေမှာ ငွေကျပ်သိန်း ၂၀ ကျော်ခန့်အထိ ရရှိထားကြောင်း၊ နေ့စဉ်အလှူငွေများကို ကရင်ရွာဘုန်းတော်ကြီး ထံတွင်အပ်နှံကာ လိုအပ်သည်များကို ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်များထံမှသိရသည်။
နီတိုး


