အင်တော စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့ တိုက်နယ်ဆေးရုံ၌ အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်သူများ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသင့်သူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို  ယနေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိသော ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို အင်တောမြို့ပေါ်(၆)ရပ်ကွက်၊ အုန်းကွဲကျေးရွာအုပ်စုနှင့် နန်းကောင်းမှု့ကျေးရွာအုပ်စုအတွင်းရှိ အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်သူများ၊ မသန်စွမ်းသူများ၊ ဇော်ဂျီအမှတ်(၂) လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဝန်ထမ်းမိသားစုများကိုလည်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ 

အဆိုပါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့၀င်များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ  ကျောက်ဂူတိုက်နယ်ဆေးရုံ၌ ကျောက်ဂူကျေးရွာအုပ်စု၊ နောင်ဝိုးကျေးရွာအုပ်စုနှင့် နောင်လုံကျေးရွာအုပ်စုအတွင်းရှိ အသက် ၅၅နှစ်မှ ၆၅နှစ်အတွင်း ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများကထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။

အောင်ခိုင်(ပြန်/ဆက်)