အင်းတပေါင်းချောင်းကူး သံပေါင်ကွန်ကရစ်တံတားတိုင်များ၏ မြေအတွင်းပိုင်း (၁၂)ပေခန့် ပေါ်ပေါက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မော်လိုက်   ၂၈    နိုဝင်ဘာ         

 

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် ဇီးခုံကျေးရွာအုပ်စု အင်းတပေါင်းကျေးရွာ ချောင်းကူးသံပေါင်ကွန်ကရစ်တံတားတိုင်များ၏ မြေအတွင်းပိုင်းပေါ်ပေါက်နေမှု အခြေအနေကို နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်း ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရမောင်မောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ အင်းတပေါင်းချောင်းကူးသံပေါင်ကွန်ကရစ်တံတားသည် အရှည်အားဖြင့် ပေ(၂၀ဝ) ရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရန်ပုံငွေ ကျပ်(၂၆၆) သန်းဖြင့် တည်ဆောက်ခဲ့ရာ မိုးရာသီ မြစ်ကမ်းပါးပြိုကျခြင်းနှင့် ကြမ်းခင်း ချောင်းရေတိုက်စား မှုများကြောင့် တံတားတိုင်(PR)များ၏ မြေအတွင်းပိုင်း ၁၂ ပေခန့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတံတားတိုင်မြေအတွင်းပိုင်း ပေါ်ပေါက်ခဲ့မှုကြောင့် တံတားကြံ့ခိုင်မှု အရည်အသွေးပိုင်းတွင် အားနည်းလာနိုင်သဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြင်ထိန်းရန်ပုံငွေ ထပ်မံ တင်တောင်း၍ တံတားရေရှည်ကြံ့ခိုင်စွာ အသုံးပြုနိုင်ရေးအတွက် ရေလည်တိုင်များ ထပ်မံဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မော်လိုက်သားလေး