အငူမော် - မောင်တော လမ်းပိုင်းမှသည် မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

နေပြည်တော် ၅ ဖေဖော်ဝါရီ

ရခိုင်ပြည်နယ် ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် နိုင်ငံတော်အစိုးရမှ ရည်မှန်းချက်များ ချမှတ်၍ ဆောင်ရွက်နေသလို မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီ (UEHRD) စီမံကိန်းမှ Task Force ၉ ခုအနက် တစ်ခုဖြစ်သည့် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် အေးရှားဝေါလ်ဖောင်ဒေးရှင်းသည် အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလလယ်ကပင် စတင် အကောင်အထည်ဖော်လျက်ရှိသည်။

အဆိုပါလမ်းပိုင်း ပြီးစီးသွားပါက မောင်တောဒေသတွင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် အခြေအနေများကို စီမံကိန်းတာဝန်ရှိသူများ၊ ဒေသခံများနှင့် တွေ့ဆုံ၍ မေးမြန်းခဲ့ပါသည်-

ဦးအောင်ကျော်ဇံ (လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)

 

 

အရင်တုန်းက အငူမော် - မောင်တောလမ်း မိုင် ၅၀ ကို အချိန် သုံးလေး၊ ငါးနာရီကျော်လောက် သွားရတယ်၊ ဒီလမ်းအဆင့်မြှင့်တင်ပြီးသွားရင် တစ်နာရီကျော်လောက်နဲ့ ခရီးပေါက်နိုင်မယ်၊ ဒီလိုသွားနိုင်ရင် လုံခြုံရေးကိစ္စရပ်အတွက် လုံခြုံရေးအဖွဲ့အစည်းတွေ လာနိုင်မယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ လာနိုင်မယ်၊ ကုန်စည်ကူးသန်းမှုတွေ လုပ်နိုင်တဲ့အတွက်ကြောင့် လူမှုစီးပွားရေးတွေ ဖွံ့ဖြိုးလာမယ်၊ ဒါကြောင့် ဒီလမ်းဟာ ဒီဒေသ ဘက်စုံဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေတဲ့လမ်းလို့ ကျွန်တော်တို့ မြင်မိပါတယ်။ အေးရှားဝေါလ်က ဒီလမ်းကြီးကို ကွန်ကရစ်လမ်း လုပ်မယ်ဆိုတဲ့အတွက် သူတို့ရဲ့ system နဲ့ စွမ်းရည်ကို အသိအမှတ်ပြုပါတယ်။ ဒေသခံ တိုင်းရင်းသားတွေအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လာပြီး UEHRD ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေသဖွံ့ဖြိုးရေးအတွက် စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ လာဆောက်ပေးခြင်းအားဖြင့် ဒီဒေသမှာ တော်တော်လေးကို ဖွံ့ဖြိုးလာမယ့် အနေအထားရှိပါတယ်၊ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရအနေနဲ့လည်း ရတဲ့ ဘတ်ဂျက်တွေထဲကနေ ဒေသဖွံ့ဖြိုးရေးကို တတ်နိုင်သလောက် ဆောင်ရွက်သွားပါမယ်။

ဦးရဲထွဋ် (မောင်တောခရိုင် အုပ်ချုပ်ရေးမှူး)

 

 

အရင်က အငူမော်-မောင်တောဆိုရင် ငါးနာရီဝန်းကျင်လောက် ကားမောင်းရပါတယ်၊ လမ်းတော်တော်လေးဆိုးပါတယ်၊ အခုအချိန်မှာတော့ အငူမော်ကနေ မောင်တောအထိကို အေးရှားဝေါလ်ကုမ္ပဏီက နိုင်ငံတော်ရဲ့ တိုက်တွန်းအားပေးကူညီမှုနဲ့အတူ ဒီဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအကျဆုံး လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို တစ်တပ်တစ်အား လာရောက်ဆောင်ရွက်ပေးနေပါတယ်၊ စီမံကိန်းနဲ့ပတ်သက်ပြီး လိုအပ်ချက်ဖြစ်တဲ့ ပညာရပ်ပိုင်းဆိုင်ရာအနေနဲ့ ဒီကုမ္ပဏီမှာ ပြည့်စုံမှုရှိတယ်၊ စက်ယန္တရား ပြည့်စုံလုံလောက်မှုရှိတယ်၊ သို့သော် ဒေသရဲ့အားနည်းချက်ကြောင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ အဓိကအသုံးပြုရတဲ့ ကျောက်နဲ့သဲ လိုအပ်ချက် အများကြီးရှိပါတယ်၊ ဒါပေမယ့် မိုးမကျမီကာလမှာတော့ စီမံကိန်းရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်ပြီးအောင် ဆောင်ရွက်ပေးမယ့် ကုမ္ပဏီဖြစ်တဲ့အတွက် ကျွန်တော်တို့ဒေသအတွက် အများကြီးအကျိုးရှိပါတယ်။

ဦးမျိုးခိုင် (အမှုဆောင်အဖွဲ့ဝင်၊ အေးရှားဝေါလ်ဖောင်ဒေးရှင်း)

 

 

ကျွန်တော်တို့ အေးရှားဝေါလ်ဖောင်ဒေးရှင်းအနေနဲ့ အငူမော် - မောင်တောလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်လှူဒါန်းပေးခြင်း ဖြစ်ပါတယ်၊ ဒီလမ်းဖောက်လုပ်ဖို့အတွက် ကုန်ကျစရိတ်အားလုံးကို အေးရှားဝေါလ်ဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေနဲ့ ကျခံသုံးစွဲပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်၊ ဒီလမ်းဟာ အငူမော်ကနေ မောင်တောအထိ ၄၉ မိုင် ခြောက်ဖာလုံရှည်ပါတယ်၊ ကွန်ကရစ်လမ်းရဲ့ အကျယ်က ၁၈ ပေ ဖြစ်ပါတယ်၊ နိုင်ငံတော်အနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များမှာ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်များနဲ့ ကုမ္ပဏီ အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းပြီး တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက်ပေးဖို့ ဖိတ်ကြားလှမ်းကမ်းမှုရှိတာရယ် ကျွန်တော်တို့ အေးရှားဝေါလ်ဖောင်ဒေးရှင်းအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ဖွွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များမှာ ပါဝင်ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒများကြောင့် လှူဒါန်းဖြစ်ခဲ့တာပါ၊ အခုလမ်းဖောက်လုပ်ခြင်းကိစ္စမှာ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှု၊ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးတို့ရဲ့ ပံ့ပိုးကူညီမှု၊ နိုင်ငံတော်ကဖွဲ့စည်းထားတဲ့ UEHRD ရဲ့ အစီအစဉ်များအတိုင်း ကျွန်တော်တို့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

ဦးနေလင်း (အင်ဂျင်နီယာ၊ အေးရှားဝေါလ်ကုမ္ပဏီ)

 

 

ဒီလမ်းစီမံကိန်းဟာ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ကျွန်တော်တို့ အေးရှားဝေါလ် ဖောင်ဒေးရှင်းအနေနဲ့ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်တဲ့ လုပ်ငန်းပိုင်းမှာ ဒီလမ်းတည်ဆောက်ခြင်း အပိုင်းကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်၊ အရင်က ဒီလမ်းက ၁၂ ပေအကျယ် ကျောက်ခင်းလမ်းဖြစ်ပါတယ်၊ အရင်က ကားတွေသွားလာရင် ၄ နာရီလောက်သွားရတယ်၊ လုပ်ငန်းအချိန်မီပြီးစီးဖို့အတွက် ယန္တရားတွေ ပံ့ပိုးသလို လူအင်အားကိုလည်း နေ့၊ ညလုပ်ဖို့ စီစဉ်ထားပါတယ်၊ ဒီနှစ်ထဲမှာ မိုင် ၂၀ ကျော်လောက်ပြီးအောင် လုပ်ဖို့ စီစဉ်ထားပါတယ်၊ လုပ်ငန်းခွင်မှာ စက်ယန္တရား ၂၀ဝ နီးပါးနဲ့ လုပ်သားဦးရေ ၁၅၀ဝ ခန့်နဲ့ အကောင်အထည်ဖော်လျက်ရှိပါတယ်၊ လမ်းရဲ့ခံနိုင်ရည်အားက တန် ၃၀ ကျော်မှန်းထားပါတယ်၊ ကုန်စည်စီးဆင်းမှုအနေနဲ့ ဒီဘက်မှာ အခုလောလောဆယ် ကားကြီးတွေတော့ မရှိသေးပါဘူး၊ 

ဦးမောင်စံသိန်း (ကျောင်းအုပ်ဆရာ)

 

 

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဟာ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ လိုအပ်တယ်လို့ ကျွန်တော်မြင်ပါတယ်၊ ကျွန်တော် ဒီမှာ တာဝန်ထမ်းဆောင်တဲ့ နှစ်နှစ်တာကာလအတွင်းမှာ လမ်းကပျက်နေတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါတယ်၊ ဒီလိုခက်ခဲတော့ ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ မလွယ်ပါဘူး၊ အခု အေးရှားဝေါလ်က လမ်းကောင်းမွန်ရေးအတွက် တာဝန်ယူဆောင်ရွက်နေတာ တွေ့ရပါတယ်၊ အခု စီမံကိန်းမှာ ကျွန်တော်တို့ တစ်သက်မှာ တစ်ခါမှ မမြင်ဘူးတဲ့ စက်ယန္တရားတွေ အများကြီးပါ၊ လုပ်ငန်းဆောင်ရွက်တာလည်း ကြိုးကြိုးစားစားလုပ်နေတာ မြင်ရပါတယ်၊ ဒီလမ်းသာပြီးသွားမယ်ဆိုရင် ပြည်သူလူထုတွေဟာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်ကလုံခြုံပြီး တိုးတက်လာမယ်လို့ မြင်မိပါတယ်။

ဒေါ်ခင်ဦးရွှေ (ကျောင်းဆရာမ) 

 

 

အခုလို လမ်းကိုအဆင့်မြှင့်ပေးတဲ့အတွက် ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံတွေအတွက်လည်း အဆင်ပြေတယ်၊ အရင် လမ်းမကောင်းတုန်းက မိုးတွင်းဆို သွားလာရတာ တော်တော်လေး ဆိုးတယ်၊ အခုဆို ခရီးတစ်ခုကို အချိန်မနှောင်းဘဲ ရောက်တဲ့အတွက် လုပ်ငန်းပိုင်းလည်း အဆင်ပြေပါတယ်၊ အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ကျေးဇူးတင်ပါတယ်။

 

 

အောင်ရဲသွင်၊ ကိုမင်း
ဓာတ်ပုံ - အောင်မင်း