မန္တလေး၊ ၁၀ မေ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝဒေသရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဗားကရာ သစ်သားကျောင်းတော်ကြီး၏ စင်္ကြံလမ်းတစ်လျှောက်မှ ဆွေးမြည့်ပျက်စီးနေသော ကြမ်းခင်းနှင့် ဆင့်တန်းများကို ရှေးမူမပျက် အစားထိုးပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းများကို ယခုဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၈၀ သုံးစွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။

အဆိုပါ ကြမ်းခင်းနှင့် ဆင့်တန်းများ အစားထိုးလဲလှယ်ပြုပြင်ခြင်း လုပ်ငန်းများကို ပြီးခဲ့သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၀၀ သုံးစွဲ၍ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျန်ရှိနေသော အပိုင်းများကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် လုပ်ငန်းအားလုံး၏ ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနက ရှေးဟောင်းနယ် မြေတွေအားလုံးမှာ ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမှု နည်းပါးပြီးခေတ်ကာလ ပြုပြင်ခြင်းလုပ်ငန်းတွေကိုလည်း ရှေးမူမပျက်အောင် ကျွန်းသားတွေနဲ့ပဲ အစားထိုးလဲလှယ် ပြုပြင်ထားပါတယ်။ ဒီနှစ်အတွင်းမှာ ကျောင်းတော်ကြီးရဲ့ စကီလျှောက်လမ်း ပတ်လည်မှာရှိတဲ့ ဆွေးမြည့်နေတဲ့ ကြမ်းခင်းနဲ့ ဆင့်တန်းတွေအားလုံးကို အပြီးအစားထိုးလဲလှယ် ပေးသွားမှာဖြစ်ပါတယ်”ဟု အဆိုပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်းက ပြောသည်။

အင်းဝ ဗားကရာသစ်သားကျောင်းတော်ကြီးကို သက္ကရာဇ် ၁၁၄၄ ခုနှစ် ဘိုးတော် ဘုရားလက်ထက်တွင် အတွင်းဝန်အမတ်ကြီး နေမျိုးကျော်ထင်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျွန်းတိုင်ပေါင်း ၂၆၇ လုံး ပါဝင်ကာ အကြီးဆုံးကျွန်းတိုင်၏လုံးပတ်မှာ ၉ ပေနှင့် အရှည်ဆုံးကျွန်းတိုင်အမြင့်မှာ ပေ ၆၀ အထိ ရှိသည်။

ကျောင်းတော်ကြီး၏ အကျယ်အဝန်းမှာ အလျား ၁၈၈ ပေ၊ အနံ ၁၀၃ ပေရှိကာ အုတ်လှေကား ငါးစင်းဖြင့် တည်ဆောက်ထားကြောင်းနှင့် အဆိုပါ ကျောင်းကြီးတွင် ကုန်းဘောင်ခေတ် မြန်မာ့ဗိသုကာ အမွေအနှစ် လက်ရာများစွာကို တွေ့မြင်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

mdn