ဗန်းမော်  ၁၂  စက်တင်ဘာ

အင်းဝဘဏ်လီမိတက်၊ ဗန်းမော်ဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲ ပရဝုဏ်တွင် ကျင်းပရာ အခမ်းအနားသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်၊ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ ဘဏ်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အင်းဝဘဏ်လီမိတက် အုပ်ချုပ်မှုဒါရိုက်တာနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန် နံနက် ၉ နာရီ ၉ မိနစ်တွင် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဘဏ်ခွဲကမ္ပည်းမော်ကွန်းဆိုင်းဘုတ်နှင့် ဘဏ်ကောင်တာတို့အား အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ ဘဏ်အတွင်းလှည့်လည်ကြည့်ရှုကြသည်။

 ယနေ့ဖွင့်လှစ်လိုက်သော အင်းဝဘဏ်လီမိတက်၊ ဗန်းမော်ဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ (၆၂) ခုမြောက်ဘဏ်ခွဲဖြစ်ပြီး အမှတ် (၅၈)၊ ဆင်ဖြူရှင်လမ်း၊ မင်းကုန်းရပ်ကွက်၊ ဗန်းမော်မြို့၊ ကချင်ပြည်နယ်တွင် ဖွင့်လှစ်ထားရှိကာ အပ်ငွေများလက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ငွေလွှဲလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order) များ ထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Gurantee) အမျိုးမျိုးထုတ်ပေးခြင်း၊ Debit Card များ ထုတ်ပေးခြင်းစသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။ အင်းဝဘဏ်လီမိတက်အနေဖြင့် မြန်မာနိုင်ငံအဝန်းရှိ ပြည်သူများ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ အဆင်ပြေလွယ်ကူချောမောစွာ လည်ပတ်နိုင်ရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အင်းဝဘဏ်လီမိတက်အနေဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများအပြင် ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်း ၉ ရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျှောက် စုဆောင်းသည့် အချိန်ကာလအပိုင်းအခြားအလိုက်မူတည်၍ ၁၀ ရာခိုင်နှုန်းအထိ အတိုးနှုန်များပေးအပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းမတည်ရင်းနှီးလုပ်ကိုင်လိုသူများအတွက် ချေးငွေထုတ်ချေးပေးလျက်ရှိကာ ယခုဖွင့်လှစ်သော ဗန်းမော်ဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ (၆၂) ခုမြောက် ဘဏ်ခွဲဖြစ်ကြောင်း သိရသည်။

MDN