အင်းဝ ၂၈ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝဒေသတွင် ဘိုးဘွားအစဉ်အဆက်ကတည်းက ပြုလုပ်လာသော နှီးသပိတ်(ယွန်းသပိတ်) လုပ်ငန်းကို ဆက်လက်ထိန်းသိမ်း လုပ်ကိုင်ရောင်းချလျက်ရှိရာ လက်ရှိကာလတွင် ဆွမ်းတော်တင်သပိတ်ငယ်များကို အားထားပြုလုပ် ရောင်းချလျက်ရှိကြောင်း အင်းဝမြို့ ဟံသာဝတီကျေးရွာအုပ်စု ယပ်တန်းရပ်မှ နှီးသပိတ်ပြုလုပ်ရောင်းချသူ တစ်ဦးထံမှ သိရသည်။
ရိုးရာ နှီးသပိတ်(ယွန်းသပိတ်) ပြုလုပ်ရောင်းချရာတွင် အသေးမှအကြီးအထိ အရွယ်အစား ငါးမျိုးပြုလုပ်ရောင်းချကြသည်။ သပိတ်အသေးများမှာ ဆွမ်းတော်တင် သပိတ်အဖြစ် ပြုလုပ်ရောင်းချသည်။ နှီးသပိတ်ပြုလုပ်ရာတွင် လေးလက်မ၊ ငါးလက်မ၊ ခုနစ်လက်မ၊ ၁၂ လက်မအရွယ်နှင့် ၁၈ လက်မကျော်အထိ ပြုလုပ်ရောင်းချကြသည်။
ဆွမ်းတော်တင်သပိတ် အသေးဆုံး အရွယ်အစား လေးလက်မအရွယ် သပိတ်တစ်လုံးလျှင် ငွေကျပ်ငါးထောင်၊ ငါးလက်မသပိတ်တစ်လုံးလျှင် ငွေကျပ် ၅၅၀၀၊ ခုနစ်လက်မအရွယ် သံဃာသုံး သပိတ်တစ်လုံးလျှင် ငွေကျပ် ၁၂၀၀၀၊ ၁၂ လက်မကျော် သပိတ်အကြီး တစ်လုံးလျှင် ငွေကျပ် ၇၀၀၀၀ ဖြင့် ရောင်းချကြသည်။
နှီးသပိတ်လုပ်ငန်းမှာ ယွန်းပညာအခြေခံများဖြင့် ပြုလုပ်သော လုပ်ငန်းပင်ဖြစ်သည်။ သပိတ်လုပ်ငန်းအတွက် အခြေခံဝါးအဖြူထည်များကို ပြုလုပ်ကြရသည်။ အခြေခံဖြစ်သော နှီးသင်၊ နှီးခေါင်းထိုး နှီးလွှာ၊ နှီးဖြာသည့် လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်ကာ စတင်ပြုလုပ်ကြရသည်။
အခြေခံအကြမ်းထည်ရလာသည်နှင့် ကော်ဖြင့်ချုပ်ကာ ပြုလုပ်ပေးရသည်။ ကော်ချုပ်ပြီးသည်နှင့် နှီးစွယ်ကလေးများ ညီညာစေရန် ဓါးကောက်ကလေးများဖြင့် ခြစ်ကာ အချောသပ်ပေးရသည်။ ချောသွားသော နှီးသပိတ်အကြမ်းကို မြေနုမှုန့်သုပ်ကာ အခြောက်ခံပြီး ကော်ဖက်တိုက်ကာ ချောပေးကြရသည်။ မြေနုချောကော်ဖက်တိုက်ပြီးပါက ညီညာစေရန် ပတ်တီးသုတ်ပေးရသည်။
ပတ်တီးညီညာသွားသည်နှင့် ပြည်တွင်းဖြစ် သစ်စေးများ သုတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြရသည်။ နှီးသပိတ်ဖုံးပြုလုပ်ရာတွင် အပြင်ပိုင်းအနက်ရောင်သုတ်ပြီး အတွင်းပိုင်းတွင် အနီရောင်သုတ် လေ့ရှိသည်။ သပိတ်လုံးကိုမူ အတွင်းအပြင် အနက်ရောင်သစ်ဆေး သုတ်ရသည်။ သစ်စေးသုတ်ပြီးသည်နှင့် ဒေသအခေါ် တိုက်သွင်းကာ သစ်စေးကို အခြောက်ခံကြရသည်။ သဘာ၀သစ်စေးမှာ နေရောင်ဖြင့် အခြောက်ခံခြင်းကို မနှစ်သက်သည့် သဘာဝရှိပြီး သပိတ်များကို မြေတိုက်အတွင်း နှစ်ရက်မှ သုံးရက်အထိ ထားကာ သစ်စေးခြောက်အောင် ပြုလုပ်ပြီးသည်နှင့် ရောင်းတမ်းဝင်သပိတ် ရရှိသည်။ နှီးသပိတ်တစ်လုံး ရရှိရန်အတွက် အဆင့်(၁၅)ဆင့် အထိပြုလုပ်ရပြီး အဆင့်တစ်ဆင့် သစ်ဆေးသုံးပြီးပါက သုံးရက်အထိ တိုက်သွင်းကာ ပြန်လည်ထုတ်ယူပြီးမှ နောက်ထပ် သစ်ဆေးထပ်သုတ်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်ရသည်။ နှီးသပိတ် အစုံတစ်ရာ ရရှိရန်အတွက် သုံးလနီးပါး အချိန်ယူရသည်။
လက်ရှိကာလတွင် ကမ္ဘာ့ကပ်ရောဂါကြောင့် ဈေးကွက်အေးနေသော်လည်း ရိုးရာနှီးသပိတ် (ယွန်းသပိတ်) အသေးများကို ထိန်းသိမ်းပြုလုပ်လျက်ရှိကြောင်း သိရသည်။
တိမ်တမန်