တံတားဦး ၁၅ ဇန်နဝါရီ
မြန်မာနိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာများ၊ ရှေးဟောင်းစေတီပုထိုးများ နေရာ အနှံ့အပြား၌ တည်ရှိလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝဒေသရှိ ဗားကရာကျောင်း အနောက်ဘက်တွင် ညောင်ရမ်းခေတ်ဘုရားများ တစ်စုတစ်ဝေးတည်း လေ့လာနိုင်၍ ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောပြ၍ သိရသည်။
“ဒီနေရာမှာ ညောင်းရမ်းခေတ်ဘုရားများကို တစ်စုတဝေးတည်းလေ့လာနိုင်ပါတယ်၊ ကြောင်လိန်ဘုရား၊ မြင့်မိုရ်တောင်ဘုရားနှင့် ဝင်္ကပါဘုရားများမှာ အပေါ်တက်ပြီး သဘာဝရှုခင်းကို လေ့လာနိုင်သလို အပေါ်ကိုတက်တဲ့ လှေကားတည်ဆောက်ပုံကလည်း ထူးခြားတယ်၊ လာရောက် လေ့လာသူအတွက် ထူးခြားမှု ပေးစွမ်းနိုင်တယ်၊ တစ်စုတစ်ဝေးတည်း တည်ရှိနေတော့ လာရောက်လေ့လာရတာ အဆင်ပြေတာပေါ့၊ ခေတ်တစ်ခေတ်ရဲ့ ထူးခြားတဲ့ ဗိသုကာတည်ဆောက်ပုံတွေလာရောက် လေ့လာနိုင် ပြီး ယခုနှစ် ခရီးသွားရာသီတွင် လာရောက်လေ့လာမှု များပြားလျက်ရှိပါတယ်”ဟု ဒေသခံတစ်ဦးက ပြောပြသည်။
ရှေးဘုရင်မင်းများ ထီးနန်းစိုးစံခဲ့သော အင်းဝဒေရှိ ညောင်ရမ်းခေတ်ဘုရားများမှာ (၉)ဆူတန်း ဘုရားစု၊ ကြောင်လိန်ဘုရား၊ မြင့်မိုရ်တောင်ဘုရားနှင့် စူဠာမဏိဘုရား၊ ဝင်္ကပါဘုရား၊ လောကဒုသမာန်အောင် ဘုရားတို့ဖြစ်သည်။
ကြောင်လိန်ဟု အရပ်အခေါ်ရှိသော စေတီတွင် ကမ္ဗည်းကျောက်စာ ပျက်နေသဖြင့် “သာမာရ်အောင်”ဟုသာ ဖတ်၍ရကြောင်း သိရသည်။ကြောင်လိန်နှင့်ဝင်္ကပါဘုရားတို့ကို တနင်္ဂနွေမင်းက တည်ထားခဲ့ကြောင်း သိရသည်။တနင်္ဂနွေမင်း တည်ခဲ့သောဘုရားများတွင် “မာရ်အောင်” အမည်တပ်သည်မှာ မှတ်သားဖွယ်ရာဖြစ်သည်။ တနင်္ဂနွေမင်းကောင်းမှု မာရ်အောင် ဘွဲ့တပ်စေတီတို့မှာ ဇိနမာရ်အောင်၊ လောကစတုသမာရ်အောင်၊ တိသမာရ်အောင်၊ ငါးမာရ်အောင်နှင့် လောကမာရ်အောင် တို့ဖြစ်သည်။
ဆလင်ဒါပုံပေါ်တွင် စေတီတည်ထားသော မြင့်မိုရ်တောင်ဘုရားကို မဟာဓမ္မရာဇာ ဓိပတိမင်း၏ ခမည်းတော်တနင်္ဂနွေမင်း သင်္ချိုင်းရာ၌ တည်ထားခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)